Pages

Tuesday, December 20, 2022

အပြင်းစားသတ္တုကြီး ဇော်ထက် (သို့) ဇော်ထက်ဟန်

 အပြင်းစားသတ္တုကြီး

ဇော်ထက် (သို့) ဇော်ထက်ဟန်






သူ့အသံ ပထမဆုံးစကြားဖူးတာက

အနာဂတ်တောင်ပံ အခွေ

ဒါတောင် တိပ်ခွေအငှားဆိုင်က ငှားဖွင့်တာ။

တိပ်ကာဗာဒီဇိုင်းက အလျားလိုက်မှာ လင်းပိုင်မှာအတောင်ပံ နဲ့ ပျံနေတဲ့ပုံ၊

Emperor band နဲ့ Oasis studio၊

ပြီးတော့ တက္ကသိုလ်တင်မောင်ဝင်း ၊ ဇော်ဝင်းထွဋ် စီစဉ်သည် ဆိုတော့ ပိုစိတ်ဝင်စားသွားတယ်။

အဲဒါနဲ့ ငှားလာတာပေါ့

အိမ်ရောက်တော့ ကတ်ဆက်ထဲထည့်ဖွင့်

စကြားလိုက်တာက ဒရမ်သံနဲ့စတဲ့ 

တင်းအား သီချင်း

(အားလုဲးမေ့ပစ်လိုက်စမ်း ၊ အဆုံးသတ်ပြီဟေ့ ) 

ဟ မိုက်တယ်ဟ ၊ အော်တာ မိုက်တယ်ဟပေါ့ 😄

ကိုယ်တွေက အဲဒီအချိန် Metal, Heavy တွေ ဟိတက်နေချိန်

အရမ်းကြွေတာ အသက်ကယ်ဆေး

နောက် မျှော်လင့်ခြင်းမီးလျှံ

ဟာ ... ဒါ ဘွန်ဂျိုဗီ ရဲ့ in these arms၊

ဘွန်ဂျိုဗီ ရဲ့ Keep The Faith ကို လုံးဝကြွေနေတဲ့အချိန်၊

 စာသား ဆိုပေါက် အရမ်းကြိုက်သွားခဲ့တာ။

သီချင်းစာအုပ် ဝယ်ပြီးမှ တေးရေး ထက်ထက် ဆိုတာသိခဲ့ရတယ်။ 

နောက်ပိုင်းမှ ထပ်သိရတာက တေးရေးထက်ထက် ဆိုတာ ကိုဇော်ထက်ရဲ့ညီ အဆိုတော် နေထက် ဆိုတာပဲ။

ကိုဇော်ထက်ကို ဒီတပုဒ်နဲ့ လုံးဝ အမှတ်ပြည့်ပေးမိပြီး ကိုယ့် ဖေးဘရိတ်ထဲပါခဲ့စေတာ။

အမှန်တိုင်းပြောရရင် ဒီသီချင်းထပ်ဆိုတဲ့ မျိုးကြီးသီချင်းကမတိုးတော့တာပဲ။

ဒီအခွေ ထဲက သီချင်းတွေ အကြောင်းပြောရရင် သီချင်းအပုဒ်တိုင်း ပြောမကုန်ဘူးလေ၊

အော်ဇီကြီးရဲ့ crazy train 

နာဗားနား ရဲ့ smell like teen spirit

သီချင်းတွေရယ်

Metal , Heavy , Grunge လိုင်း

တွေကို တီးတဲ့ Emperor ရယ် ပြန်ဆိုတဲ့ ဇော်ထက် ဆိုပေါက် အသံတွေက အပြစ်ပြောစရာ မရှိသလောက်မိုက်သလို

 တေးရေး အသစ်တွေရဲ့ စာသားခပ်မိုက်မိုက်တွေကလဲ ဒီအခွေကို ပိုကြွစေတာပဲ။

ကိုယ်ဒီအခွေကို ကြိုက်လို့ ထပ်ခါထပ်ခါ ဖွင့်ပြီးချိန် အခွေသွားဝယ်မယ်လုပ်တော့ အကိုကပြောတယ်၊

ဟေ့ရောင် မင်း ဇော်ထက်အခွေဝယ်မယ်ဆို သူ့ပထမအခွေ ဂစ်တာတလက်ရဲ့အိပ်မက်ပါဝယ်နားထောင်ကြည့်တဲ့။ 

သူ့ပထမအခွေလည်းမိုက်တယ်ကွတဲ့။

ကိုယ်လဲ အဲဒီကျမှ ဇော်ထက် ရဲ့အနာဂတ်တောင်ပံ က ဒုတိယအခွေမှန်းသိတယ်။


ဝယ်လာခဲ့ပြီးချိန်က ဂစ်တာတလက်ရဲ့အိပ်မက် အခွေအလှည့်ပေါ့

စဖွင့်လိုက်တာ (အဝေးထိန်းခလုတ်တို့နဲ့မထိန်းချုပ်ပဲနဲ့) ဆိုတဲ့ ဆိုသံကြီးစလာတာ၊

ဟာား ဇော်ထက်ကြီးဆို တာ ဒီလောက်မိုက်တာ ငါအခွေထွက်မှန်းတောင်မသိခဲ့ဘူးပေါ့။

(ဒီ သီချင်းက အခုနောက်ပိုင်း Rဇာနည် ဆုန်သင်းပါရ် တို့အပြင် နောက်ထပ် အဆိုပြိုင်ပွဲက ချာတိတ်တွေလဲပြန်ဆိုကြသေး)

ဒီ ပထမအခွေကျမှ အဆိုတော်ပုံနဲ့ အသံနဲ့ တွဲမိတယ်ခေါ်ရမယ်။

ဘာအကြောင်းမှအရေးမကြီး

အေးစက်သော 

မီး

အပြင်းစားသတ္တုများ

အလွမ်းမီးရထား

ဒါနောက်ဆုံးလား

ရောခ့်အင်ရိုးကျိန်စာ

ထားပစ်ခဲ့

သီချင်းတွေမှာ အဲဒီအချိန် အဲဒီကာလမှာ သူချပြတဲ့ music အမျိုးအစားမျိုး ဘယ်သူမှ မစကြသေးဘူးလို့ဆိုရမယ်။

ခေတ်အတော်ရှေ့ရောက်ခဲ့တဲ့ပုံပေါ့။


အဲဒီခေတ်အချိန် အလင်္ကာ ဂီတ ဂျာနယ်မှာ ဆောင်းပါးတွေလဲ ရေးခဲ့ဖူးသလို

အခုအချိန် ခေတ်စားနေတဲ့ ဘား ကိုလဲ ရန်ကုန်မြို့ထဲမှာ ဖွင့်ခဲ့ဖူးသေးတယ်။

ဘား နာမည်ကတော့ Rodeo Bar တဲ့ဗျာ၊


ဇော်ထက်အခွေ အိမ်မှာဖွင့်ရင် အမေရှိတုန်းသိပ်ဖွင့်လို့မရ

နင့်အဆိုတော်က အရမ်းအော်တယ်တဲ့။

လဘ္ဘက်ရည်ဆိုင်ကိုယူသွားပြီးဖွင့်ရင် A side တခြမ်းဖွင့်ပြီးတာနဲ့ ဆိုင်က အခွေပြောင်းလိုက်ရော။

နောက်ဆုံး ဖွင့်မယ်ဆို အိမ်မှာ အမေ အဖေ အပြင်သွားချိန်မှဖွင့်ပြီး အပီဝုန်းလို့ရတော့တာ။ 😁


အဲဒီနောက် ၉၆ မှာ နှလုံးသားတည့်တည့်သို့ ဆိုတဲ့ သီချင်း ၆ပုဒ်ပဲပါတဲ့ အခွေကို

သူ့ရဲ့ ကိုယ်ပိုင် band နဲ့ထွက်လာတယ်။

band နာမည်က Luv Drive တဲ့

- ဂစ်တာက သူကိုယ်တိုင်

- ဘေစ့်က ပီတာဖိုးဇော် ( အရင်အခွေတွေမှာ တေးရေးပါ) (နောက်မှသိတာက ဇော်ထက်ရဲ့ အကိုအရင်း)

(ညီအကိုတွေ အကုန် အရေး အတီး အဆို မှာ ကောင်းတာ)

- ဒရမ်က ဖာရော့တ့် တဲ့

ဒီအခွေ မှာ အားနည်းချက်က အခွေ ‌ကူးထုတ်တဲ့အချိန်မှာ တဖက် ၆ပုဒ်ထည့်လို့ရတာ မထည့်ပဲ

Aside ၄ပုဒ်

Bside ၂ပုဒ်

ထည့်ထားတာ

Aside ၄ပုဒ်လဲကုန်ရော တိပ်သားအများကြီးပိုပြီး Bside ကျတော့ပိုဆိုးရော။

ဒီအခွေမှာ အကြိုက်ဆုံးသီချင်းတွေကအလှအပမဲ့ နဲ့ နှလုံးသားတည့်တည့်သို့ သီချင်း၊ 

အဲဒီအချိန် NASA တေးထုတ်လုပ်ရေးက တနှစ်တာအကောင်းဆုံးသီချင်းတွေ လက်ရွေးစင် စီးရီးထုတ်တော့ အလှအပမဲ့ သီချင်းပါလာတယ်။ တိပ်ခွေကို လှိုင်းက ဖြန့်ပြီး စီဒီကျတော့ NASA ကထုတ်တယ်။

နောက်ပြီး MTV ပါထုတ်ခဲ့တော့ အဲဒီကျမှ အဆိုတော်ကိုအရှင်လတ်လတ် သေချာတွေ့ဖူးတော့တာ။ 😁


Luv Drive

ကိုယ်တွေက ဖတ်ရင် အယ်လယူဗွီ ဒရိုက်ဖ်ပေါ့ 😁

အမှန်က လဗ်ဖ်ဒရိုက် တဲ့ 😅

ဖတ်တာ အဲလိုတလွဲ

အရင် Band နာမည်ကို စီးရီး တိုင်တယ်လိုပေးထားတယ်။

နောက်ပြီး ဒီအခွေက နိုင်ငံခြားသံစဉ် တွေကို စာသားထည့် cover ဆိုတာ မဟုတ်တော့ပဲ ကိုယ်ပိုင်သံစဉ် ဖြစ်သလို

နာမည်က ဇော်ထက်ဟန် ဖြစ်သွားပြီး တခွေလုံး အတီး အရေး အဆို arrangement တယောက်ထဲဆော်ထားတာ။

ကိုယ်တွေအတွက်တော့ အသစ်အဆန်းပဲလေ။

ဒီအခွေထဲက အကြိုက်ဆုံးသီချင်းတွေထဲမှာ ပြန်ပြောရင်လဲငါ့အဆိုးတွေပဲ သီချင်းက ကိုဇော်ထက်ကြီး စတိတ်ရှိုးပွဲတွေမှာ သိပ်ပိုင်တဲ့မင်း နဲ့ အတူတူ အဆိုအများဆုံးသီချင်းပေါ့။


နောက်ပြီးတော့ အဲဒီအချိန် ဗွီဒီယိုဇာတ်လမ်းတွေ ခေတ်ကောင်းချိန်

ထစ်ချုန်းမိုး ဗွီဒီယို မှာ ဇော်ဝင်းထွဋ် ရင်ဂို မျိုးကျော့မြိုင် ဟယ်ရီလင်း တို့ရဲ့ နောက်ခံတေးတွေ နဲ့ ဗွီဒီယိုကအရမ်းပေါက်ခဲ့တော့ ၊ ဇာတ်ဝင်တေး တိပ် စီဒီပါထပ်ထုတ်တာ တော်တော်အောင်မြင်ခဲ့တယ်။

ထစ်ချုန်းမိုး အခွေပေါက်တော့ နောက်ထပ် ထစ်ချုန်းမိုး၂ ဆိုပြီး ဗွီဒီယို ဇာတ်ဝင်တေးအခွေ ဆက်လုပ်ချိန်မှာ ဇော်ဝင်းထွဋ် စည်သူလွင် ဆောင်းဦးလှိုင် စောခူဆဲလ် ခဲရာဇ် တို့နဲ့အတူ ဇော်ထက် က လွတ်လပ်စွာချစ်ခွင့် သီချင်းတပုဒ်နဲ့ ပါလာပါတယ်။

သူ အတွဲအခွေတွေမှာ ပထမဆုံး စပါလာခဲ့တာပေါ့


Luv Drive မတိုင်ခင်လား ထွက်ပြီးမှလားမမှတ်မိ

Drummer ကိုဖာရောခ့် စီစဉ်တဲ့ 

မစောင့်ချင်ဘူး အတွဲစီးရီး တခွေမှာ ဂျေမောင်မောင်၊ စိုးသူ ၊ ဘိုဘို ၊ ညီပုလေး တို့နဲ့ အတူပါလာတယ်။

အဲဒီအချိန်ကာလ အတွဲခွေတွေ အများအပြားထွက်ချိန် ‌သူ့ရဲ့ နောက်ထပ် အတွဲခွေလို့ပြောရမှာပေါ့။

ဒီ အခွေမှာ ၂ပုဒ်ထဲပါပေမယ့်

၂ပုဒ်လုံး တော်တော်မိုက်သလို

အိတ်ပေါက်နဲ့အချစ်ကောက် သီချင်းက တပုဒ်လုံး Drum တမျိုးထဲနဲ့ဆိုသွားတာ ထူးထူးခြားခြားပဲ၊


ကိုဇော်ထက် နဲ့ စသိတာ

ကိုယ်တွေ အရင်တုန်းက သီချင်း blogspot တခုထောင်ထားတုန်းက သူ့သီချင်းတွေ တင်ထားတော့ သူကိုယ်တိုင် လာပြီး ကောမန့် မှာ ကျေးဇူးတင်ကြောင်းပြောခဲ့ဖူးတာပဲ။

နောက်တော့ sociel media Facebook မှာ ထပ်ဆုံပြီး အပြင်မှာတွေ့မှ

ဇော်ထက်ဟန် ဆိုတာ သီချင်းထဲနားထောင်ရသလို စတိတ်ရှိုးမှာ အားနဲ့မာန်နဲ့ ဆိုတီးဖျော်‌ဖြေတာနဲ့ မတူပဲ စကားပြောတိုးတိုးလေးနဲ့ အေးဆေးသမားဆို သေချာသိရတယ်။


အဲဒီ အတောအတွင်း သူကိုယ်တိုင် တေးရေး ‌တေးဆိုရော စီစဉ်ထုတ်လုပ်တဲ့ လူသစ်တန်းအဆိုတော်အများကြီးနဲ့ တိမ်တိုက်တွေပေါ်က လက်ထပ်ပွဲ အခွေ၊

ဒီအခွေက လူသိပ်မသိလိုက်သလို

ကိုယ်တွေ နားထောင်ရင်လဲ 

ကိုဇော်ထက် ဆိုတဲ့သီချင်းတွေပဲ နားထောင်ဖြစ်တာများတယ်။

အကြိုက်ဆုံး သီချင်းက တိမ်တိုက်ပေါ်ကလက်ထပ်ပွဲ သီချင်း၊ စတိတ်ရှိုးတွေမှာလဲ ပြန်ဆိုစေချင်တာ၊ တခါမှတော့ ပြန်ဆိုတာ မကြားခဲ့ရဘူး။


2015/16 ဝန်းကျင်မှာ

NooN ဆိုတဲ့ အဆိုတော်တွေနဲ့ဖွဲ့ထားတဲ့အဖွဲ့တခု စတိတ်ရှိုးပွဲတွေမှာ ကြိုကြားကြိုကြား ကြားရမြင်လာရတယ်။

လိဒ်ဂစ်တာ ဇော်ထက်ဟန်

ဂစ်တာ စည်သူလွင်

ဒရမ် ရင်ဂို

ဘေ့စ်ဂစ်တာ ဖရန်ကို

တို့နဲ့ဖွဲ့ထားတဲ့ New Band ပေါ့။

နောက်ပိုင်း 

ဂစ်တာ ဘိုဘို

ဘေစ့်ဂစ်တာ နောင်နောင် တို့ပြောင်းပြီး ဆက်လက်ချီတက်ကြရင်း

သူတို့ Band ရဲ့ သီချင်းတွေမျှော်နေတုန်း

Noon ရဲ့ တရားဝင် Single သီချင်း ၂၀၁၆ သင်္ကြန်အတွက် ဇော်ထက်ဟန်ရေးတဲ့ ဧပရယ်ရောဂါ ဆိုတဲ့ သီချင်းဟာ ပထမဆုံး နဲ့ နောက်ဆုံး နားထောင်လိုက်ရတဲ့သီချင်းတပုဒ်ပါပဲ။


အဲဒီနောက် ဒီဘက်နှစ်တွေမှာ အွန်လိုင်းကနေ single ထုတ်ပြီး ရောင်းခဲ့တဲ့ သီချင်းအများစုပါတဲ့

သွေးသစ်လောင်း စီးရီး ထွက်လာတယ်။

ဒီအခွေကျတော့ ရေး ဆို တီး arrangement တွေတင်မကပဲ cover art design ပါ သူကိုယ်တိုင်ဆွဲထားတာပဲ။

နောက်မှသိရတာ ကိုဇော်ထက် က ပန်းချီကို အတော်ဝါသနာပါပြီး ပန်းချီကားတွေလဲ ဆွဲထားတယ်ဆိုတာသိရတယ်။

ဒီ သွေးသစ်လောင်း အခွေမှာ အကြိုက်ဆုံးတပုဒ်က I'll Fight (for my pride) သီချင်းပဲ၊ စစချင်းနားထောင်တာ စာသား နားမလည်ဘူး၊ ကာဗာက lyrics လေးကြည့်ပြီးမှ နားလည်တာ 😄

ဘာလို့ဆို သူက E လိုဆိုထားတာလေ 😂။

အဝေးကြီးမသွားပါနဲ့ သီချင်းဆို သံစဉ်စာသား မိုက်ပေမယ့် သူ့အသံ ဆိုပေါက်နဲ့ မလိုက်ဘူးလို ဘယ်အချိန်နားထောင်ထောင် စိတ်ထဲ ထင်နေတုန်း။ 

ဘာလို့ဆို သီချင်းက အရမ်းနုနေသလိုခံစားရတာ 😁


သူ့ သွေးသစ်လောင်း အယ်လဘမ်ပြီးတော့ နောက်ထပ် အယ်လဘမ်အတွက် သီချင်းအသစ်တွေထပ်လုပ်နေပြီဆိုတော့ ကိုယ်လဲမျှော်တာပေါ့။

ဒါပေမယ့် အခွေမထုတ်တော့ပဲ အွန်လိုင်း streaming ပဲ ထုတ်တော့မယ်ဆိုတော့ ကိုယ်တွေလို အခွေဝယ်နားထောင် စုတဲ့သူတွေအတွက်တော့ ဝမ်းနည်းစရာပဲပေါ့။

ဒါပေမယ့်လဲ ဆက်နားထောင် အားပေးဖို့က ကိုယ့်အလုပ် ၊ သီချင်းအသစ်တွေ ဆက်လုပ်ဖို့က သူ့အလုပ်၊

ဘာလို့ဆို ကိုယ်တွေငယ်ငယ်တည်းက သဘောကျ အားကျခဲ့ရသူပဲလေ။


#Axle

#RockNRollNote

No comments:

Post a Comment