Pages

Tuesday, December 20, 2022

အပြင်းစားသတ္တုကြီး ဇော်ထက် (သို့) ဇော်ထက်ဟန်

 အပြင်းစားသတ္တုကြီး

ဇော်ထက် (သို့) ဇော်ထက်ဟန်






သူ့အသံ ပထမဆုံးစကြားဖူးတာက

အနာဂတ်တောင်ပံ အခွေ

ဒါတောင် တိပ်ခွေအငှားဆိုင်က ငှားဖွင့်တာ။

တိပ်ကာဗာဒီဇိုင်းက အလျားလိုက်မှာ လင်းပိုင်မှာအတောင်ပံ နဲ့ ပျံနေတဲ့ပုံ၊

Emperor band နဲ့ Oasis studio၊

ပြီးတော့ တက္ကသိုလ်တင်မောင်ဝင်း ၊ ဇော်ဝင်းထွဋ် စီစဉ်သည် ဆိုတော့ ပိုစိတ်ဝင်စားသွားတယ်။

အဲဒါနဲ့ ငှားလာတာပေါ့

အိမ်ရောက်တော့ ကတ်ဆက်ထဲထည့်ဖွင့်

စကြားလိုက်တာက ဒရမ်သံနဲ့စတဲ့ 

တင်းအား သီချင်း

(အားလုဲးမေ့ပစ်လိုက်စမ်း ၊ အဆုံးသတ်ပြီဟေ့ ) 

ဟ မိုက်တယ်ဟ ၊ အော်တာ မိုက်တယ်ဟပေါ့ 😄

ကိုယ်တွေက အဲဒီအချိန် Metal, Heavy တွေ ဟိတက်နေချိန်

အရမ်းကြွေတာ အသက်ကယ်ဆေး

နောက် မျှော်လင့်ခြင်းမီးလျှံ

ဟာ ... ဒါ ဘွန်ဂျိုဗီ ရဲ့ in these arms၊

ဘွန်ဂျိုဗီ ရဲ့ Keep The Faith ကို လုံးဝကြွေနေတဲ့အချိန်၊

 စာသား ဆိုပေါက် အရမ်းကြိုက်သွားခဲ့တာ။

သီချင်းစာအုပ် ဝယ်ပြီးမှ တေးရေး ထက်ထက် ဆိုတာသိခဲ့ရတယ်။ 

နောက်ပိုင်းမှ ထပ်သိရတာက တေးရေးထက်ထက် ဆိုတာ ကိုဇော်ထက်ရဲ့ညီ အဆိုတော် နေထက် ဆိုတာပဲ။

ကိုဇော်ထက်ကို ဒီတပုဒ်နဲ့ လုံးဝ အမှတ်ပြည့်ပေးမိပြီး ကိုယ့် ဖေးဘရိတ်ထဲပါခဲ့စေတာ။

အမှန်တိုင်းပြောရရင် ဒီသီချင်းထပ်ဆိုတဲ့ မျိုးကြီးသီချင်းကမတိုးတော့တာပဲ။

ဒီအခွေ ထဲက သီချင်းတွေ အကြောင်းပြောရရင် သီချင်းအပုဒ်တိုင်း ပြောမကုန်ဘူးလေ၊

အော်ဇီကြီးရဲ့ crazy train 

နာဗားနား ရဲ့ smell like teen spirit

သီချင်းတွေရယ်

Metal , Heavy , Grunge လိုင်း

တွေကို တီးတဲ့ Emperor ရယ် ပြန်ဆိုတဲ့ ဇော်ထက် ဆိုပေါက် အသံတွေက အပြစ်ပြောစရာ မရှိသလောက်မိုက်သလို

 တေးရေး အသစ်တွေရဲ့ စာသားခပ်မိုက်မိုက်တွေကလဲ ဒီအခွေကို ပိုကြွစေတာပဲ။

ကိုယ်ဒီအခွေကို ကြိုက်လို့ ထပ်ခါထပ်ခါ ဖွင့်ပြီးချိန် အခွေသွားဝယ်မယ်လုပ်တော့ အကိုကပြောတယ်၊

ဟေ့ရောင် မင်း ဇော်ထက်အခွေဝယ်မယ်ဆို သူ့ပထမအခွေ ဂစ်တာတလက်ရဲ့အိပ်မက်ပါဝယ်နားထောင်ကြည့်တဲ့။ 

သူ့ပထမအခွေလည်းမိုက်တယ်ကွတဲ့။

ကိုယ်လဲ အဲဒီကျမှ ဇော်ထက် ရဲ့အနာဂတ်တောင်ပံ က ဒုတိယအခွေမှန်းသိတယ်။


ဝယ်လာခဲ့ပြီးချိန်က ဂစ်တာတလက်ရဲ့အိပ်မက် အခွေအလှည့်ပေါ့

စဖွင့်လိုက်တာ (အဝေးထိန်းခလုတ်တို့နဲ့မထိန်းချုပ်ပဲနဲ့) ဆိုတဲ့ ဆိုသံကြီးစလာတာ၊

ဟာား ဇော်ထက်ကြီးဆို တာ ဒီလောက်မိုက်တာ ငါအခွေထွက်မှန်းတောင်မသိခဲ့ဘူးပေါ့။

(ဒီ သီချင်းက အခုနောက်ပိုင်း Rဇာနည် ဆုန်သင်းပါရ် တို့အပြင် နောက်ထပ် အဆိုပြိုင်ပွဲက ချာတိတ်တွေလဲပြန်ဆိုကြသေး)

ဒီ ပထမအခွေကျမှ အဆိုတော်ပုံနဲ့ အသံနဲ့ တွဲမိတယ်ခေါ်ရမယ်။

ဘာအကြောင်းမှအရေးမကြီး

အေးစက်သော 

မီး

အပြင်းစားသတ္တုများ

အလွမ်းမီးရထား

ဒါနောက်ဆုံးလား

ရောခ့်အင်ရိုးကျိန်စာ

ထားပစ်ခဲ့

သီချင်းတွေမှာ အဲဒီအချိန် အဲဒီကာလမှာ သူချပြတဲ့ music အမျိုးအစားမျိုး ဘယ်သူမှ မစကြသေးဘူးလို့ဆိုရမယ်။

ခေတ်အတော်ရှေ့ရောက်ခဲ့တဲ့ပုံပေါ့။


အဲဒီခေတ်အချိန် အလင်္ကာ ဂီတ ဂျာနယ်မှာ ဆောင်းပါးတွေလဲ ရေးခဲ့ဖူးသလို

အခုအချိန် ခေတ်စားနေတဲ့ ဘား ကိုလဲ ရန်ကုန်မြို့ထဲမှာ ဖွင့်ခဲ့ဖူးသေးတယ်။

ဘား နာမည်ကတော့ Rodeo Bar တဲ့ဗျာ၊


ဇော်ထက်အခွေ အိမ်မှာဖွင့်ရင် အမေရှိတုန်းသိပ်ဖွင့်လို့မရ

နင့်အဆိုတော်က အရမ်းအော်တယ်တဲ့။

လဘ္ဘက်ရည်ဆိုင်ကိုယူသွားပြီးဖွင့်ရင် A side တခြမ်းဖွင့်ပြီးတာနဲ့ ဆိုင်က အခွေပြောင်းလိုက်ရော။

နောက်ဆုံး ဖွင့်မယ်ဆို အိမ်မှာ အမေ အဖေ အပြင်သွားချိန်မှဖွင့်ပြီး အပီဝုန်းလို့ရတော့တာ။ 😁


အဲဒီနောက် ၉၆ မှာ နှလုံးသားတည့်တည့်သို့ ဆိုတဲ့ သီချင်း ၆ပုဒ်ပဲပါတဲ့ အခွေကို

သူ့ရဲ့ ကိုယ်ပိုင် band နဲ့ထွက်လာတယ်။

band နာမည်က Luv Drive တဲ့

- ဂစ်တာက သူကိုယ်တိုင်

- ဘေစ့်က ပီတာဖိုးဇော် ( အရင်အခွေတွေမှာ တေးရေးပါ) (နောက်မှသိတာက ဇော်ထက်ရဲ့ အကိုအရင်း)

(ညီအကိုတွေ အကုန် အရေး အတီး အဆို မှာ ကောင်းတာ)

- ဒရမ်က ဖာရော့တ့် တဲ့

ဒီအခွေ မှာ အားနည်းချက်က အခွေ ‌ကူးထုတ်တဲ့အချိန်မှာ တဖက် ၆ပုဒ်ထည့်လို့ရတာ မထည့်ပဲ

Aside ၄ပုဒ်

Bside ၂ပုဒ်

ထည့်ထားတာ

Aside ၄ပုဒ်လဲကုန်ရော တိပ်သားအများကြီးပိုပြီး Bside ကျတော့ပိုဆိုးရော။

ဒီအခွေမှာ အကြိုက်ဆုံးသီချင်းတွေကအလှအပမဲ့ နဲ့ နှလုံးသားတည့်တည့်သို့ သီချင်း၊ 

အဲဒီအချိန် NASA တေးထုတ်လုပ်ရေးက တနှစ်တာအကောင်းဆုံးသီချင်းတွေ လက်ရွေးစင် စီးရီးထုတ်တော့ အလှအပမဲ့ သီချင်းပါလာတယ်။ တိပ်ခွေကို လှိုင်းက ဖြန့်ပြီး စီဒီကျတော့ NASA ကထုတ်တယ်။

နောက်ပြီး MTV ပါထုတ်ခဲ့တော့ အဲဒီကျမှ အဆိုတော်ကိုအရှင်လတ်လတ် သေချာတွေ့ဖူးတော့တာ။ 😁


Luv Drive

ကိုယ်တွေက ဖတ်ရင် အယ်လယူဗွီ ဒရိုက်ဖ်ပေါ့ 😁

အမှန်က လဗ်ဖ်ဒရိုက် တဲ့ 😅

ဖတ်တာ အဲလိုတလွဲ

အရင် Band နာမည်ကို စီးရီး တိုင်တယ်လိုပေးထားတယ်။

နောက်ပြီး ဒီအခွေက နိုင်ငံခြားသံစဉ် တွေကို စာသားထည့် cover ဆိုတာ မဟုတ်တော့ပဲ ကိုယ်ပိုင်သံစဉ် ဖြစ်သလို

နာမည်က ဇော်ထက်ဟန် ဖြစ်သွားပြီး တခွေလုံး အတီး အရေး အဆို arrangement တယောက်ထဲဆော်ထားတာ။

ကိုယ်တွေအတွက်တော့ အသစ်အဆန်းပဲလေ။

ဒီအခွေထဲက အကြိုက်ဆုံးသီချင်းတွေထဲမှာ ပြန်ပြောရင်လဲငါ့အဆိုးတွေပဲ သီချင်းက ကိုဇော်ထက်ကြီး စတိတ်ရှိုးပွဲတွေမှာ သိပ်ပိုင်တဲ့မင်း နဲ့ အတူတူ အဆိုအများဆုံးသီချင်းပေါ့။


နောက်ပြီးတော့ အဲဒီအချိန် ဗွီဒီယိုဇာတ်လမ်းတွေ ခေတ်ကောင်းချိန်

ထစ်ချုန်းမိုး ဗွီဒီယို မှာ ဇော်ဝင်းထွဋ် ရင်ဂို မျိုးကျော့မြိုင် ဟယ်ရီလင်း တို့ရဲ့ နောက်ခံတေးတွေ နဲ့ ဗွီဒီယိုကအရမ်းပေါက်ခဲ့တော့ ၊ ဇာတ်ဝင်တေး တိပ် စီဒီပါထပ်ထုတ်တာ တော်တော်အောင်မြင်ခဲ့တယ်။

ထစ်ချုန်းမိုး အခွေပေါက်တော့ နောက်ထပ် ထစ်ချုန်းမိုး၂ ဆိုပြီး ဗွီဒီယို ဇာတ်ဝင်တေးအခွေ ဆက်လုပ်ချိန်မှာ ဇော်ဝင်းထွဋ် စည်သူလွင် ဆောင်းဦးလှိုင် စောခူဆဲလ် ခဲရာဇ် တို့နဲ့အတူ ဇော်ထက် က လွတ်လပ်စွာချစ်ခွင့် သီချင်းတပုဒ်နဲ့ ပါလာပါတယ်။

သူ အတွဲအခွေတွေမှာ ပထမဆုံး စပါလာခဲ့တာပေါ့


Luv Drive မတိုင်ခင်လား ထွက်ပြီးမှလားမမှတ်မိ

Drummer ကိုဖာရောခ့် စီစဉ်တဲ့ 

မစောင့်ချင်ဘူး အတွဲစီးရီး တခွေမှာ ဂျေမောင်မောင်၊ စိုးသူ ၊ ဘိုဘို ၊ ညီပုလေး တို့နဲ့ အတူပါလာတယ်။

အဲဒီအချိန်ကာလ အတွဲခွေတွေ အများအပြားထွက်ချိန် ‌သူ့ရဲ့ နောက်ထပ် အတွဲခွေလို့ပြောရမှာပေါ့။

ဒီ အခွေမှာ ၂ပုဒ်ထဲပါပေမယ့်

၂ပုဒ်လုံး တော်တော်မိုက်သလို

အိတ်ပေါက်နဲ့အချစ်ကောက် သီချင်းက တပုဒ်လုံး Drum တမျိုးထဲနဲ့ဆိုသွားတာ ထူးထူးခြားခြားပဲ၊


ကိုဇော်ထက် နဲ့ စသိတာ

ကိုယ်တွေ အရင်တုန်းက သီချင်း blogspot တခုထောင်ထားတုန်းက သူ့သီချင်းတွေ တင်ထားတော့ သူကိုယ်တိုင် လာပြီး ကောမန့် မှာ ကျေးဇူးတင်ကြောင်းပြောခဲ့ဖူးတာပဲ။

နောက်တော့ sociel media Facebook မှာ ထပ်ဆုံပြီး အပြင်မှာတွေ့မှ

ဇော်ထက်ဟန် ဆိုတာ သီချင်းထဲနားထောင်ရသလို စတိတ်ရှိုးမှာ အားနဲ့မာန်နဲ့ ဆိုတီးဖျော်‌ဖြေတာနဲ့ မတူပဲ စကားပြောတိုးတိုးလေးနဲ့ အေးဆေးသမားဆို သေချာသိရတယ်။


အဲဒီ အတောအတွင်း သူကိုယ်တိုင် တေးရေး ‌တေးဆိုရော စီစဉ်ထုတ်လုပ်တဲ့ လူသစ်တန်းအဆိုတော်အများကြီးနဲ့ တိမ်တိုက်တွေပေါ်က လက်ထပ်ပွဲ အခွေ၊

ဒီအခွေက လူသိပ်မသိလိုက်သလို

ကိုယ်တွေ နားထောင်ရင်လဲ 

ကိုဇော်ထက် ဆိုတဲ့သီချင်းတွေပဲ နားထောင်ဖြစ်တာများတယ်။

အကြိုက်ဆုံး သီချင်းက တိမ်တိုက်ပေါ်ကလက်ထပ်ပွဲ သီချင်း၊ စတိတ်ရှိုးတွေမှာလဲ ပြန်ဆိုစေချင်တာ၊ တခါမှတော့ ပြန်ဆိုတာ မကြားခဲ့ရဘူး။


2015/16 ဝန်းကျင်မှာ

NooN ဆိုတဲ့ အဆိုတော်တွေနဲ့ဖွဲ့ထားတဲ့အဖွဲ့တခု စတိတ်ရှိုးပွဲတွေမှာ ကြိုကြားကြိုကြား ကြားရမြင်လာရတယ်။

လိဒ်ဂစ်တာ ဇော်ထက်ဟန်

ဂစ်တာ စည်သူလွင်

ဒရမ် ရင်ဂို

ဘေ့စ်ဂစ်တာ ဖရန်ကို

တို့နဲ့ဖွဲ့ထားတဲ့ New Band ပေါ့။

နောက်ပိုင်း 

ဂစ်တာ ဘိုဘို

ဘေစ့်ဂစ်တာ နောင်နောင် တို့ပြောင်းပြီး ဆက်လက်ချီတက်ကြရင်း

သူတို့ Band ရဲ့ သီချင်းတွေမျှော်နေတုန်း

Noon ရဲ့ တရားဝင် Single သီချင်း ၂၀၁၆ သင်္ကြန်အတွက် ဇော်ထက်ဟန်ရေးတဲ့ ဧပရယ်ရောဂါ ဆိုတဲ့ သီချင်းဟာ ပထမဆုံး နဲ့ နောက်ဆုံး နားထောင်လိုက်ရတဲ့သီချင်းတပုဒ်ပါပဲ။


အဲဒီနောက် ဒီဘက်နှစ်တွေမှာ အွန်လိုင်းကနေ single ထုတ်ပြီး ရောင်းခဲ့တဲ့ သီချင်းအများစုပါတဲ့

သွေးသစ်လောင်း စီးရီး ထွက်လာတယ်။

ဒီအခွေကျတော့ ရေး ဆို တီး arrangement တွေတင်မကပဲ cover art design ပါ သူကိုယ်တိုင်ဆွဲထားတာပဲ။

နောက်မှသိရတာ ကိုဇော်ထက် က ပန်းချီကို အတော်ဝါသနာပါပြီး ပန်းချီကားတွေလဲ ဆွဲထားတယ်ဆိုတာသိရတယ်။

ဒီ သွေးသစ်လောင်း အခွေမှာ အကြိုက်ဆုံးတပုဒ်က I'll Fight (for my pride) သီချင်းပဲ၊ စစချင်းနားထောင်တာ စာသား နားမလည်ဘူး၊ ကာဗာက lyrics လေးကြည့်ပြီးမှ နားလည်တာ 😄

ဘာလို့ဆို သူက E လိုဆိုထားတာလေ 😂။

အဝေးကြီးမသွားပါနဲ့ သီချင်းဆို သံစဉ်စာသား မိုက်ပေမယ့် သူ့အသံ ဆိုပေါက်နဲ့ မလိုက်ဘူးလို ဘယ်အချိန်နားထောင်ထောင် စိတ်ထဲ ထင်နေတုန်း။ 

ဘာလို့ဆို သီချင်းက အရမ်းနုနေသလိုခံစားရတာ 😁


သူ့ သွေးသစ်လောင်း အယ်လဘမ်ပြီးတော့ နောက်ထပ် အယ်လဘမ်အတွက် သီချင်းအသစ်တွေထပ်လုပ်နေပြီဆိုတော့ ကိုယ်လဲမျှော်တာပေါ့။

ဒါပေမယ့် အခွေမထုတ်တော့ပဲ အွန်လိုင်း streaming ပဲ ထုတ်တော့မယ်ဆိုတော့ ကိုယ်တွေလို အခွေဝယ်နားထောင် စုတဲ့သူတွေအတွက်တော့ ဝမ်းနည်းစရာပဲပေါ့။

ဒါပေမယ့်လဲ ဆက်နားထောင် အားပေးဖို့က ကိုယ့်အလုပ် ၊ သီချင်းအသစ်တွေ ဆက်လုပ်ဖို့က သူ့အလုပ်၊

ဘာလို့ဆို ကိုယ်တွေငယ်ငယ်တည်းက သဘောကျ အားကျခဲ့ရသူပဲလေ။


#Axle

#RockNRollNote

Wednesday, August 10, 2022

'ဃ' ကို ချစ်ကြသူများ


 
'ဃ' ကို ချစ်ကြသူများ
" ဃ " ကို ချစ်ကြသူများ စီစဉ်ဖန်တီးလိုက်တဲ့ ...
ဟယ်ရီလင်း - အကောင်းဆုံးတေးများ
Cassette Tape & Audio CD , Limited Edition [ Only 8 Copy ]
C60 တစ်ခွေစာနဲ့ အားမရလို့ C90 နဲ့ ကူးလိုက်ရတယ် ... ...
သီချင်း စုစုပေါင်း ၁၇-ပုဒ် ... ...
ကျွန်တော်တို့ ဘယ်လို အရူးမျိုးလဲ ... ... ... ...
Audio CD Print ဘယ်လို လုပ်ထားတယ်ဆိုတာ မပြသေးဘူး
ချန်ထားတယ် ... ...
8 Copy ပိုင်ဆိုင်ကြတဲ့ သီချင်းချစ်ကြတဲ့ ညီ အကိုတွေ တင်လိမ့်မယ် ...
မယုံမရှိနဲ့ ... လုံးဝ အမိုက်စား ... ...
ဟယ်ရီလင်း ဆိုတာ ကို
အညာနွေ ဖုန်ထူထူ ညနေခင်းမှာ စကြားဘူးတယ်။
အင်္ဂလိပ်နာမည်နဲ့ အဆိုတော်တွေ စပေါ်ခါစ။
ရင်ဂိုတို့ ဘီလီထွန်းတို့။
ချစ်ကောင်းရဲ့ အလှည့်၊
ဗဒင်ရဲ့နေရာ၊
မင်းလှသား မာရဇ္ဇ၊
ရင်ဂို ကံကောင်းခြင်းလက်ဆောင်၊
လေးဖြူ ကန္တာရလမင်း တို့ က
လက်ဖက်ရည်ဆိုင်တိုင်းရဲ့ အသံအိုးတွေကို ကြီးစိုးနေချိန်။
အခွေငှါးဆိုင်မှာ ကာဗာကို စတွေ့တော့
ဟာ ဒီအဆိုတော်နာမည်က အလန်းပေါ့။
မျက်နှာဘေးတစ်ခြမ်းပုံနဲ့
ခေါင်းမှာ ပုဝါစီးထားတဲ့ ကာဗာကလည်း အမိုက်စား။
ခန်းမကျယ်ကြီးတစ်ခုရဲ့ ဆင်ဝင်မှာ
ပွတ်လုံးတိုင်ကြီးတွေကြားထဲ
လူတစ်ယောက် ခါးကော့ပြီး အော်နေပုံကြီးက
အနောက်က လှိုင်းလုံးကြီးတွေမှာ မြင့်တက်လာတယ်။
သူ့ရဲ့ အသံပါဝါကလည်း အဲ့ဒီကာဗာပုံထဲက အတိုင်းပဲ။
လေးဖြူရဲ့ မမုန်းနဲ့ ဟန်နေ သိပ်အရေးကြီးလို့ ဆိုတာထက်…
ဟူး….!!!!
ကမ်းမာဘေဘီ ဆိုတဲ့
မြူးနေတဲ့ အသံဝါကြိးက ပိုမိုက်သလို ခံစားရတယ်။
အိမ်ယာအောက်က သီချင်းတစ်ပုဒ်ဆိုလည်း အရမ်းကို abstract ဆန်လွန်းတယ်။ အပြာဆုံး အရောင်များ… ဆိုတာကြီးကို အသံပြာအောင် ဆိုထားတာမျိုး ဒီအဆိုတောိမှာမှ စကြားဘူးတာ။
ရမ်သမ်ငြိမ့်ငြိမ့်လေးနဲ့ ကိုယ်ဟာဂျစ်ပစီဆိုလည်း ၆ တန်းအရွယ်ကလေးတစ်ယောက်အဖို့ နားမလည်ခဲ့ဘူး။
လောကကြီးရဲ့ လှည့်ကွက်များက ကျောင်းသားသစ်တစ်ယောက်အတွက် သိပ်ခက်ခဲခဲ့တယ်။
အားလုံးပြန်ယူသွားပါက ဒရမ်တွေသိပ်လှသလို
အချစ်ရယ် ပေါင်မုန့်တစ်လုံးရယ်ဆိုတာကလည်း သိပ်လှတဲ့ ယစ်မူးစရာ သီချင်းပေါ့။
ပူလောင်သော အချစ်ရဲ့မီး…
ဒီမှာ ဘဝအားလုံးပျက်ရမလား။
မယုံနိုင်သော အချစ်ရဲ့မီး.. အဖျက်မီးပဲ။
ကိုယ့်ကို ကျွမ်းလောင်ဆဲ တဲ့။
သူ့ရဲ့ အသံဝါကြီးကို ညတိုင်း ဖြတ်ပြန်နေကျ လက်ဖက်ရည်ဆိုင်က အမြဲကြားရတယ်။
အဝေးမှာ စောင့်နေကြတဲ့ နဂါးငွေ့တန်းတွေကတော့ အိမ်ပြန်ချိန်ညတွေတိုင်းမှာ ညည်းလို့ သိပ်ကောင်းခဲ့တယ်။
အဲ့ဒီလိုနဲ့ ကိုဃ လို့ချစ်စနိုးခေါ်ကြတဲ့ ဟယ်ရီလင်းကို ဂြိုလ်သားတစ်ယောက်အဖြစ် ဒီကမ္ဘာကြီးရဲ့အထဲ မဆုံးသော ခရီးများသွားနေတာ မြင်ခဲ့ရတယ်။
ကျောက်ခေတ်ကိုလည်း အလည်ပြန်ရောက်သွားခဲ့သူ ဖြစ်တယ်။ အိမ်အမိုးခေါင်များပေါ်မှာ ပျောက်ဆုံးခဲ့ပြီး ဝီစကီနီညိုရောင် သီချင်းနဲ့ နှလုံးသားမှာ ခြေလှမ်းများစွာ ထင်ကျန်ခဲ့တယ်။
ယောကျ်ားတစ်ယောက်ရဲ့ မျက်ရည် ချော်ရည်လိုစီးခဲ့သူ။ နေ့ရဲ့ အမှောင်ထဲမှာ ထွက်ပေါက်တွေ့လိမ့်နိုးနဲ့ တချိန်မှာ သူ့အတွက်ပွင့်မယ့် တံခါးများကို စောင့်ခဲ့သူ။
လျှပ်စစ်မျက်လုံးနဲ့ ကြယ်ငေးသူ။
နောက်လူမြည်းရင် ချိုစေချင်သူ။
တန်ဖိုးများနဲ့ ပေးဆပ်ခဲ့သူ။
သူ့ရဲ့ အမှတ်တရတွေကို
သူ့ကို ချစ်သူတွေက
Limited edition အဖြစ်
ပြန်အသက်သွင်းထားတဲ့ 8 copies
ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ၊ ဟယ်ရီလင်း ဆိုပြီး ဟယ်ရီလင်း ကို ကိုးကွယ်တဲ့ အနန္တော အနန္တ ခြောက်ပါး ခေတ်က တကယ်ကို ရှိခဲ့တယ်။
ပြောရမယ် ဆိုရင် "ဟယ်ရီလင်း ရဲ့ ဟယ်ရီလင်း" သီချင်းခွေကို ကိုးကွယ်တာ။
ဃ - ချစ်တဲ့ သူငယ်ချင်းတစ်စုက
စိတ်တိုင်းကျ တိုင်ပင် စီစဉ် တည်းဖြတ် ပုံဖော်ထားကြတဲ့
ဃ - အကောင်းဆုံးတေးများ
1 of 8 copies in the solar system
မပုလဲဆိုခဲ့သလို
ဒီလို ဒီလို လှတယ် မိတယ် ပေါ့
😍😍🎶😍😍
ဟယ်ရီလင်း
စပြီး အကြောင်းပေါင်းသင့်ဖို့ဖန်လာတာက
၁၉၉၀ ဝန်းကျင်
ဆယ်တန်းစာမေးပွဲ အောင်စာရင်း ထွက်အပြီး
မန္တလေး GTI တက်နေတဲ့ သူငယ်ချင်း
တယောက် ဒုတိယနှစ်တက်ဖို့အသွား
ကိုယ်လည်း မန္တလေးမှာ
GTI ဝင်ခွင့်ဖြေမယ်ဆိုပြီး လိုက်သွားချိန်ပေါ့...
တက်ဖြစ်ခဲ့လားမမေးရဘူးနော့
ဝင်ခွင့်တောင် မဖြေဖြစ်ဘူး
{က } စာရင်းကိုလည်း
နောက် ခုနစ်နှစ်လား ရှစ်နှစ်လားမမှတ်မိဘူး
အဲ့ကျမှ ပြန်ပါတော့တယ် ။
အဲ့ဒီမှာ
ဗထူးကွင်းနားက
မန္တလေး GTI ကျောင်းသားတွေ စတည်းချကြတဲ့
ကိုအေး တို့ လ္ဘက်ရည်တင်းကုပ် မှာ
ဒင်း ကို စတွေ့
(မဟုတ်ဘူး )
စကြားဘူး တာပဲ
သူက ခု အပေါ်ဆုံးစာကြောင်းမှာ ရေးထားတဲ့
နာမည်ပိုင်ရှင်ပဲ
ဟယ်ရီလင်း
ကြိုက်သလိုနေနိုင်တယ်
လက်ရေးကာဘာကတ် တိပ်အယ်လ်ဘမ်လေး
🎶မီးများလို မင်းစိတ်မှာ ပူ ပူလောင်နေသလား🎶
ဆိုတဲ့ စာသားလေးက ရင်ထဲကို
ကျဉ်တင်တင် ရသလေး ခံစားရသလို
နှုတ်ဖျားကနေလည်း ခဏ ခဏ
ညည်း ဖြစ်စေပါပေါ့လား။
ရင်ထဲငြိ မိပြီ ဆိုတော့ ရယူ ဖို့ လုံ့လ စိုက်ရတာပေါ့
အဲ့ဒီမှာ
မှင်တက်မိ ရတော့တာပဲ
ဒါက မထုတ်ဖြစ်တာမို့ ရဖို့ မလွယ်ဘူးတဲ့
ခုတိပ်တောင်မှ “တိုးတိုးသား” တဲ့
ဟင်! ဒုက္ခပါပဲ
မန္တလေး မှာရှိနေဆဲ ကာလအတွင်း မရခဲ့ပါဘူး
မရနိုင်ဘူး ဆိုလေ ပို ပိုပြီး လို ချင်လာလေပေါ့
ဒီလိုနဲ့ သတင်း အစ အန လေး တ ခုရပြီး
အိမ်ကိုပြန်လာဖြစ်ခဲ့တယ်
အစ အန ရတာကဘာလဲ ဆိုတော့
အနှီ ဟယ်ရီလင်း က
မြို့ရန်ကုန်ဘိုတထောင်ရပ် မှာရှိတဲ့
တေးဥယျာဉ် မှာ T- 4 နဲ့ အတူ
သီချင်းတွေ ထပ် သီကျူး နေပြန်သတဲ့ 🎶
ဒီလိုနဲ့ပဲ
စောင့်နေအချစ်ရေ🎶🎶
ဟဲ🎶ဟဲ🎶အရောက်လာခဲ့မယ် အော်ပြီး...
ဒင်း ပေါက်ချလာခဲ့ပါပကော
ဝင်းမင်းထွေး သော်ဒီဝေ တို့ရဲ့စကားလုံးတွေကို
အသံထွက် အော်ငြီးပြီး ကိုယ်တွေကို🎶🎶🎶
အကြောင်းပေါင်းစုံ
မကျေနပ်မှုတွေ ပွစိ ထနေတဲ့ ကိုယ်တွေအတွက်
ဖြေဆည်ရာ အသံတွေပေါ့
အိမ်မှာက ပုံမှန် ကက်ဆက်ပလေယာ ပဲရှိတော့
လ္ဘက်ရည်ဆိုင် က အသံသေတ္တာ ကို အားကိုးရတာပေါ့...
[အဲ့ဒီမှာ တခု မှတ်မှတ်ရရ မှတ်မိနေတာကတော့
လ္ဘက်ရည်ဆိုင်ရှင်တယောက်က
“ခုစားသောက်နေတဲ့သူတွေ မင်းတို့သီချင်းကြောင့်
ထပြန်ကုန်ရင် ဘယ်လိုလုပ်မလဲ လူရှင်းမှ
ဖွင့်ပေးမယ်” ဆိုတာပါပဲ။]
ဖြစ်ပုံများ ပြောကိုမပြောချင်တော့ပါဘူး။
နောက်မှတ်မှတ်ရရ တခုက
{စင်ပွဲ တခု က ၎င်းဟယ်ရီလင်း ရဲ့ အပြုအမူ ကို
ဟဲဗီးလားဆဲတီးလား ဆိုပြီး
မဂ္ဂဇိန်တွေ မှာ ဂီတဝေဖန်ရေးတွေ ရေးနေတဲ့
ဆူဒိုနင် က နိုင်ငံထုတ်သတင်းစာ မှာ ရေးလိုက်တာ
ပါပဲ (သိမ်းထားပေမယ့် ပြန်ရှာမတွေ့သေးဘူး)
ဒီမှာတခုပြောချင်တာက
အဲ့ဒီဆောင်းပါးရေးရတဲ့ ပွဲ တုန်းက
ဃ ရဲ့အပြုအမူ နဲ့
၂၀၁၀ အကျော်ကာလ စာပေဟောပြောပွဲတွေ
တာစားနေချိန် တောင်ငူ စာပေဟောပြောပွဲမှာ
စာပေဟောပြောသူတယောက် အနေနဲ့
ရှပ်အင်္ကျိရင်ဘတ်ဟောင်းလောင်းလုပ်ဝတ်ပြီး
တစင်လုံးအနှံ့လမ်းလျှောက်ဟောပြောတဲ့
ဆူဒိုနင် ရဲ့ အပြုအမူ ဟာ အတူတူပဲလို့
ကိုယ် ယုံကြည်မိတာပါပဲ }
(မှတ်မှတ်ထင်ထင် နောက်တခု က
မြို့မစိန်ရတုပွဲမှာ
အာဂ ဟယ်ရီလင်း က
#မြို့မငြိမ်းရဲ့အိုလံပစ် ကို သီဆိုခွင့်ရခဲ့ပါတယ်။)
ဒီလိုဆိုခဲ့တာကို
မဂ္ဂဇိန်ထဲမှာ အမေလူထုဒေါ်အမာ က
အပြစ်ပြောခြင်းမရှိပဲ အားပေးရေးသားခဲ့တယ်။
လူထုဒေါ်အမာ ဆိုတာ
ကလောင် ကို နိုင်သလား မမေးနဲ့
သိပ်ရေးတတ်သူကြီးပေါ့
အပြစ်ပြော ရေးသားဝေဖန်စရာ မရှိအောင်
အာဂကောင်ကြီး က ဆိုပြနိုင်လို့ပေါ့...
ဒီအကြောင်းကို လ္ဘက်ရည်ဆိုင်မှာ
ကိုယ့် ဝိုင်းနဲ့ ကိုယ် ပြောနေကြတာကို
ဘေးဝိုင်း က တ ယောက် က ကြားတော့
လူထုဒေါ်အမာ နားကန်းနေလို့ နေမှာဆိုပြီး
ရယ်သွမ်းသွေးတယ်
ကိုယ်တွေလည်း
အဲ့ဒီကောင် ရဲ့ အကျင့် ကို
သူများအလှူ ကိုသွားစားရမယ် ဆိုရင်
ညကတည်း က
ဝမ်းနှုတ်ဆေး စားပြီးမှသွားစားတတ်တာက အစ
သိနေတော့ အဲ့ဒီအချိန်ကတည်း က
လူရာမသွင်း တော့တာ ခုထိပါပဲ
လ္ဘက်ရည်ဆိုင်အသွား အိမ်ကမယူခဲ့မိရင်
အငှါးဆိုင် ဝင်ငှါးရတာ အခါခါမို့
နောက်ပိုင်း လ္ဘက်ရည်ဆိုင်မှာ ကိုပေးထားတော့တာ
အထိ ဖြစ်ခဲ့ရလေတယ်။
တောက်လျှောက်ထွက်သမျှ
နားထောင်ဖြစ်တာတွေကတော့
သုခမိန်လှိုင်
EMPEROR
Oasis
ထပ်ပြီးတော့
ကေအေတီဆ
IRON CROSS
Lynn
ဒီတကြိမ်ကျ
#ကျောက်ခေတ်၏နောက်ဆုံးနေ့
သော်ဒီဝေ
EMPEROR
Nawarat
အယ်လ်ဘမ် တခုပြီး တခုထွက်လာရာကနေ
တကိုယ်တော် အထွက်နည်း
စုပေါင်းစပ်ပေါင်းတွေ တအားများခဲ့သူကြီးကို
ဖြစ်ခဲ့ပါပကောလား။
တကိုယ်တော်အနေနဲ့
နှစ်ကိုယ်တော်အနေနဲ့
#မုန်တိုင်း၏တမန်များ + ရဲသွင်
သုံးကိုယ်တော်အနေနဲ့က
#အိပ်မက်ကုန်သည် + ထူးအိမ်သင် + ချစ်ကောင်း
အတွဲတော်အများကြီးနဲ့ကတော့
#အများသုံးဘာသာစကား
#အကောင်းဆုံးများ၏အမှတ်တရများ
ဒီအယ်လ်ဘမ်တွေတော့
တိပ် စီဒီ တွေအနေနဲ့
လက်ဝယ်ပိုင်ဆိုင်ဖြစ်ခဲ့လေတယ်။
အဲ့ဒီကာလတွေက အတွဲအယ်လ်ဘမ်တွေ
ဖောင်းပွလွန်းလို့ စိတ်အချဉ်ပေါက်ပြီး
မဝယ်ခဲ့တဲ့ အယ်လ်ဘမ်တွေလည်း မနည်းမနောကိုး
အဲဒီတော့
ခုချိန်မှာ
ဟယ်ရီလင်း နဲ့ပတ်သက်လို့
ကိုယ့် မှာ ဆန္ဒ နှစ်ခု ရှိတယ်။
မပြည့်နိုင်တော့တဲ့ ဆန္ဒ ကို စပြောမယ်
သူပြောဘူး တဲ့
ဘဝသံသရာ လို သီချင်းမျိုးကို
လက်က ကြေးစည်လေး တီးပြီ ဆိုချင်တယ်
ဆိုတာမျိုး ကို Live နားထောင်ချင် မိတာပါ ခင်ဗျ။
သူ က အသေစောခဲ့လေတော့......
နောက် ဆန္ဒ ပြောပါပြီ
ခု ဒီ တိပ် စီဒီ လုပ်တဲ့
မနိုင်စိန်အမွှေတွေ သိဖို့
အတွဲတော်အယ်လ်ဘမ်တွေထဲက သီချင်းတွေကို
တ ပုဒ်မကျန် တိပ် စီဒီ ဗားရှင်း ချင်တာပါပဲ လို့...
ဟာ ကိုကြိုး ရ
သီချင်းတွေက အများကြီးလေ
တ တိပ် တ စီဒီ ထဲ ဘယ်ရမလဲ
ဟိုထဲမှာ ဒီကွာလ် နဲ့ ရှိပြီးသားလို့ မပြောကြေး...
တတိပ်တစီဒီမကရင်နှစ်တိပ်နှစ်စီဒီဖန်တီးကြပါစို့
#KyoKyar(ANO)
" ဃ " ကိုချစ်ကြသူများ
တဲ့
ကိုနိုင်ကျော် ပေးတဲ့ နာမည်လေး
အရမ်းသဘောကျလို့
ဟုတ်ပါတယ်
စိတ်ညစ်စရာတွေ များနေတဲ့အချိန်
မိတ်ဆွေတယောက် တင်ခဲ့တဲ့ပိုစ့်တခုကနေ အိုင်ဒီယာရ
သက်ရှိထင်ရှား ရှိခဲ့ချိန် အကောင်းဆုံးတေးများ မထွက်ရှိပဲ ဆုံးပါးသွားတဲ့
ကိုဃ ရဲ့ အကောင်းဆုံးတေးများလေး ပြန်လုပ်ဖို့စိတ်ကူးရှိခဲ့တာ။
ကိုဃ နှစ်ပတ်လည်အမှီ ပြီးဖို့ စဉ်းစား ထားပေမယ့် အကြောင်း ကြောင်းကြောင့် နောက်ကျသွားတယ်၊
အဲဒါနဲ့ ကိုဃ ကို ချစ်တဲ့မိတ်ဆွေတွေ စုပြီး သီချင်းတွေ ဝိုင်းစဉ်းစားပြီ ရွေးကျတာ အပုဒ် ၇၀ နီးပါးမှာ အများဆုံးရွေးတဲ့ သီချင်းတွေထဲက ၁၇ပုဒ် ရွေးထုတ်ခဲ့တယ်၊
အားလုံးရဲ့အကြိုက်နဲ့ အနီးစပ်ဆုံး တူလောက်မယ်လို့တော့ ထင်ပါတယ်။
သီချင်းရဲ့အနောက်က ကွင်းစကွင်းပိတ် ထဲက နံပါတ်က ရွေးပေးထားတဲ့လူစာရင်းပါ၊၊
ရွေးတဲ့ အထဲမှာ ပြန်ဆို သီချင်းများ မပါအောင် ရွေးထုတ်ထားတာပါ။
Limited Edition
Cassette Tape & Audio CD
(Only 8 Copy)
ဟယ်ရီလင်း Greatest Hits collect lists
01 မိုင်တွေဝေး (7)
02 ကိုယ်ဟာဂျစ်ပစီ (6)
03 အနာဂတ်ဗိမ္မာန် (6)
04 ငြိမ်းလို့မရသော (6)
05 ရော့ခ်အင်န်ရိုးနတ်သမီး (5)
06 စက်တင်ဘာမှာဝေမယ့်နှင်း (5)
07 မန္တလေးလွမ်းတေး (5)
08 လျှပ်စစ်မျက်လုံး (5)
09 လိပ်ပြာ (5)
10 အစိမ်းရောင်လွင့်ပြယ်နေ့ရက်များ (4)
11 မယူချင်ဘူး (4)
12 ပျောက်သွားမှာစိုး (4)
13 အဆိပ်ငွေကြေး (4)
14 အချစ်နဲ့ပေါင်မုန့် (4)
15 အားလုံးပြန်ယူသွားပါ (4)
16 မျက်ရည် (4)
17 ဒွိဟစိတ်များ (4)
18 ဝိုင် မင်းလေးရဲ့အကြောင်း (3)
19 မောပမ်းနေပြီ (3)
20 အိပ်ယာအောက်ကသီချင်းတစ်ပုဒ် (3)
21 ဂြိုဟ်သားတစ်ယောက် (3)
22 အသွင်ပြောင်းတေး (3)
23 ကိုယ်ရူးသွားရင် (3)
24 စာအုပ် (3)
25 ဘယ်ပန်းချီရေးလို့မမှီ (2)
26 အဖြစ်အပျက်ကသိပ်မြန်တယ် (2)
27 ပါးစပ်များ (2)
28 ချောရယ် (2)
29 ရွှေပေါက်တူး (2)
30 မတ်ေတာတရား (2)
31 မီး (2)
32 အနှစ်နှစ်ဆယ် (2)
33 ဝေဒနာ လေဆာဓါတ်ပြား (2)
34 ဂမ္ဘီရဝိဉာဉ် (2)
35 အားလုံးကိုပေးမယ် (2)
36 ဦးဘညွန့်
37 နှစ်သစ်ဂီတ
37 မစဉ်းစားနဲ့
38 ဒါအချစ်လား
39 အမှတ်အသားများ
40 မိန်းကလေးမဟုတ်ဘူး
41 အိပ်မက်ထဲ
42 ဘယ့်နှယ့်လုပ်ကြမလဲ
43 သတိထား
44 အတိတ်
45 တစ္ဆေ
46 ငြင်းပယ်ခံရခြင်း
47 ရင်ဆိုင်
48 ဥပမာ၏နောက်ဆက်တွဲ
49 အဆုံးရှိပါဦးမလား
50 ဘဝရဲ့ခရီးသည်
51 ကြိုးတွေနဲ့
52 မျှော်လင့်ချက်ရဲ့ပြာများ
53 နောက်လူမြည်းရင်ချိုပါစေ
54 ကံကြမ္မာရဲ့ဖဲချပ်များ
55 အနမ်းရဲ့ နှစ်ပိုင်းတစ်ပိုင်း
56 မင်းနဲ့ငါ့ရဲ့ ဓာတ်ပုံ
57 ပြောတိုင်းမယုံနဲ့
58 ဝေဝေ ဝေး
59 လူစိမ်း
60 ကြယ်ငေးသူ
61 အချစ်တဲ့
62 ရင်ဆိုင်
63 လပြည့်ဝန်းညလေး
64 ငြင်းပယ်ခံရခြင်း
65 နားထောင်ချင်တဲ့သီချင်းစာရင်း
66 ရွှေတောင်ကြား
67 ထူးဆန်းသောစိတ်ဓာတ်များ
68 ပြင်ဆင်ခြင်းနတ်သမီး
69 သေတော့မယ်
ဒါတွေက ကိုယ်အပါအဝင် ဃ ရဲ့အမာခံ ပရိတ်သတ် ဘော်ဒါတွေ Final ရွေးထားတဲ့ List ပေါ့
ဟယ်ရီလင်း - အကောင်းဆုံးတေးများ
01 လိပ်ပြာ (ဝင်းမင်းထွေး)(T4)
02 မိုင်တွေဝေး (သုခမိန်လှိုင်)(Emperor)
03 လျှပ်စစ်မျက်လုံး (သော်ဒီဝေ)(Emperor)
04 အနာဂတ်ဗိမာန် (ကေအေတီ)(Iron Cross)
05 မယူချင်ဘူး (သုခမိန်လှိုင်)(Emperor)
06 ကိုယ်ဟာဂျစ်ပစီ (ဝင်းမင်းထွေး)(T4)
07 အားလုံးပြန်ယူသွားပါ (သော်ဒီဝေ)(T4)
08 အစိမ်းရောင်လွင့်ပြယ်နေ့ရက်များ (စီယံ)(Emperor)
09 ဂမ္ဘီရဝိညာဉ်(ဝိညဉ်ခေါ်သံ) (မင်းချစ်သူ)(Metal Zone)
10 ရော့ခ်အင်န်ရိုးနတ်သမီး (သော်ဒီဝေ)(T4)
11 စက်တင်ဘာနှင်း (ကိုရဲလွင်)(Emperor)
12 မန္တလေးလွမ်းတေး (သော်ဒီဝေ)(Emperor)
13 ဝေဒနာ လေဆာဓာတ်ပြား (ပုသိမ်မောင်စိမ်းသူ)(Emperor)
14 ပျောက်သွားမှာစိုး (သော်ဒီဝေ)(T4)
15 ဝိုင် မင်းလေးရဲ့အကြောင်း (သော်ဒီဝေ)(Emperor)
16 အချစ်နဲ့ပေါင်မုန့် (ဝင်းမင်းထွေး)(T4)
17 အဆိပ်ငွေကြေး (ဝင်းမင်းထွေး)(T4)
#Axle
မှတ်ချက်
ရောင်းရန်မဟုတ်ပါ
fan made only
အပိုမရှိပါ။
 

 

Thursday, March 17, 2022

Zaw Win Htut Article's

 ကိုညီထွဋ် နဲ့ မမေခိုင် တို့ Anniversary တုန်းက မတင်ဖြစ်ခဲ့လို့ အခု ကိုညီထွဋ် (ဇော်ဝင်းထွဋ်) ရဲ့ Birthday မှာတင်ဖြစ်ပါတယ်။

တချိန်က ရုပ်ရှင်တေးကဗျာရသစုံမဂ္ဂဇင်းမှာ မင်းစိတ္တ အင်တာဗျူးခဲ့တဲ့ အပိုင်းလေးတွေကိုပြန်တင်ပေးတာပါ။

အပြောနဲ့လက်တွေ့ အချိန်တိုင်းညီခဲ့တဲ့ ကိုညီထွဋ်ရဲ့ အင်တာဗျူး နဲ့ 

ဇော်ဝင်းထွဋ် (ကိုညီထွဋ်) ကို Happy Birthday ဆုတောင်းပေးပါတယ်။

Respect Always


Q - ကိုညီထွဋ် အခုချိန်မှာ ဂီတအပေါ် တစိုက်မက်မက်နဲ့ ရည်မှန်းချက်ပြည့်အောင် လုပ်ရတာ ဇနီးဖြစ်တဲ့ မမေခိုင်ရဲ့ ပံ့ပိုးမှု ပါမယ်ထင်တယ်။


ZWH - ကျတော်ထင်ပါတယ်၊ ၉၅% လောက်က မိန်းမရဲ့ ပံ့ပိုးမှုပါတာပေါ့။

ကျနော်တို့က လုပ်ချင်တာလောက်ပဲသိတာ၊ မိန်းမတယောက်ရဲ့ အရေးပါမှုက ပြောပြလို့မရဘူး။ လူတွေထင်တာ မိန်းမဆိုရင် နောက်ထပ် မိန်းမတယောက်နဲ့ မရှုပ်အောင်လိုက်ထိန်းတာလို့ပဲထင်တာ၊ အဲလိုမဟုတ်ပါဘူး။

အဲဒီထက်ပြောလို့မရတဲ့အပိုင်းတွေအများကြီးရှိပါတယ်။ ကျနော့်မိန်းမကလည်း သူဘယ်လိုကောင်နဲ့လာတွေ့ရမယ်ဆိုတာ သူမသိနိုင်ဘူးလေ၊ သူ ကံကောင်းချင်လို့ပဲဖြစ်ဖြစ် ကံဆိုးချင်လို့ပဲဖြစ်ဖြစ် ကျနော်နဲ့တွေ့တယ်။

အဓိကကတော့ တယောက်ကိုတယောက် နားလည်ဖို့နဲ့ တယောက်ကိုတယောက် အပြန်အလှန် ငဲ့ညှာဖို့လိုပါတယ်။ ကျနော်လဲ သူ့ကိုချစ်တယ် အားကိုးတယ် ၊ သူကလဲ ကျနော့်ကိုချစ်တယ် အားကိုးတယ်။ ဒီအချက်တွေနဲ့ အားလုံးကျော်လွှားရမှာကိုး၊၊

ကျန်တဲ့အတတ်ပညာတွေ တယောက်နဲ့တယောက် မလိုအပ်တဲ့မာန်မာနတွေ ဒါတွေကိုကျော်လွှားဖို့လိုပါတယ်။

ကံကောင်းစွာနဲ့ ကျနော်တို့လင်မယား တယောက်ကိုတယောက် နားလည်တာပေါ့နော်။ ကျနော့်မိန်းမက ကျနော့်ကိုပိုပြီးတော့ ပံ့ပိုးပါတယ်။ ကျနော့်ဘက်က မားမားမတ်မတ် ရပ်တည်ပေးတာ ကျနော့်မိန်းမပါ။


Q - ကိုညီထွဋ်လဲ မျိုးဆက်တေးသံရှင် တယောက်လို့ ပြောရမှာပါ။ ကိုညီထွဋ် ရဲ့ ဂီတအမွေဆက်ခံမယ့်သူက သားသမီး နှစ်ယောက်ထဲက ဘယ်သူဖြစ်နိုင်မလဲ။


ZWH - ကျနော့်သားကို လုပ်ပေးရမှာပေါ့။ သမီးကတော့ ဆိုမှာမဟုတ်ဘူး။

သမီးက လူမှုရေးလုပ်ငန်းကိုစိတ်ဝင်စားတယ်၊ ပညာရေးကို စိတ်ဝင်စားတယ်၊ ဖက်ရှင်ဒီဇိုင်းကို စိတ်ဝင်စားပါတယ်။

သားကတော့ အခုချိန်မှာ အိမ်ရှေ့မင်းသားလေ၊ ကျနော်ထီးနန်း လွှဲအပ်ရမှာပေါ့။


Q - သား အီတိုးအပေါ် ဘာတွေလုပ်ပေးဖို့ အစီအစဉ်ရှိမလဲ။


ZWH - အဲဒါကတော့ အဆင့်အတန်းရှိတဲ့ ဂီတသမားတယောက် ဖြစ်ဖို့ပံ့ပိုးပါမယ်။ သီချင်းဆိုပြီး နာမည်ကြီးရင်ပြီးရောဆိုတဲ့စိတ် ကျနော့်သားမှာ မရှိတာက တော်တော်အဆင်ပြေတဲ့အချက်ပါ။ 

သူက ဂီတာသမားတယောက်ဖြစ်ချင်ပါတယ်။


Q - ကိုညီထွဋ် အနေနဲ့ တေးချစ်ပရိတ်သတ်တွေအပေါ် ပြောချင်တဲ့စကားက၊


ZWH - ကျနော်ကတော့ ရောခ့်ဂီတကို ချစ်တဲ့ ပရိတ်သတ်တွေအတွက် အမြဲ ဒီပုံစံနဲ့ပဲ ရှိမှာပါ။ ကျနော့်အတွက် အပြောင်းအလဲ ဘာမှမရှိပါဘူး။


#January21

#HappyBirthday

#ZawWinHtut

#MagazineArticles

#RockNRollNotes

#Axle









Wednesday, January 19, 2022

အထိမ်းအမှတ်နေ့

 




ဘယ်လို တို့အကျနာသွားလဲ

     အကြိမ်ကြိမ် ပြန်ထလိုက်

         ဘယ်လောက်ပဲ တို့အထိနာထားလဲ

              အကြိမ်ကြိမ် ပြန်တိုက်ခိုက်


  ...

...

    ...

...


   နေ့ကောင်းရက်သာ မရွေးနဲ့

        ဗေဒင်တွေမမေးပါ

..

..

..


   သမိုင်းတစ်ခုလိုကျန်စေ

ကိုယ်တို့ အထိမ်းအမှတ်နေ့


အထိမ်းအမှတ်နေ့ အတွဲအခွေ

Bryan Adam ရဲ့သီချင်းတွေသီးသန့်

ပြန်ပြီး Cover ဆိုထားတဲ့အခွေ


ဇော်ဝင်းထွဋ် ရင်ဂို ဟယ်ရီလင်း 

ဂျေမောင်မောင် သီရိဂျေမောင်မောင်

အဲဒီအချိန်က

Emperor အတွဲအခွေတွေတော်တော်‌များများ မှာ ပါနေကျ Line Up ကိုညီထွဋ် ကိုရင် ကိုဃ တို့နဲ့ ကိုဂျေ တို့ သားအဖနှစ်ယောက် ပါလာတယ်။

အဖွင့်သီချင်း အထိမ်းအမှတ်နေ့

တေးရေး မင်းချစ်သူ က

ကိုညီထွဋ် တို့ ငယ်ဘဝ အဖြစ်အပျက်ကို ခံစားရေးဖွဲ့ပေးထားတယ်လို့ နှောင်းပိုင်းမှာသိရတယ်။ 

တကယ်လဲ တော်တော်မိုက်ပြီး ကိုယ်တိုင်ခံစားချက်ကိုထည့်ဆိုထားတဲ့ ကိုညီထွဋ်ရဲ့ Mood၊


မျက်လုံးတွေက မပိတ်တဲ့တံခါး

ကိုယ်ဟာ ခေါင်းအုံးကိုဖက်လို့

ညစဉ် ဆွေးရမလား

..

..

..

ဝေးနေစဉ်မှာ စိတ်ကူးလေးတွေ ယဉ်ယဉ်ကာ

မျှော်လင့်နေမိတယ်ကွယ်

မဝေးတော့တဲ့နေ့တွေဆီ


ရင်ဂို ရဲ့ မဝေးတော့တဲ့နေ့တွေဆီ

ဟိုးတုန်းက ဂစ်တာဝိုင်းတွေ တီးနေဆိုနေကြ သီချင်း၊ ကိုယ်တွေကြူနေ မျှော်နေတဲ့ ကောင်မလေးတွေအိမ်ရှေ့ လမ်းထိပ်အုတ်ခုံတွေမှာ အမြဲဆိုနေကြ

ကိုရင် ရဲ့ အသံပါးပါးလေးနဲ့အငြိမ့်လေး

ဆိုသွားတဲ့သီချင်း


ကိုယ် မင်းနဲ့ဝေးတဲ့ဘဝ

ကြာကြာဆက်သည်းမခံနိုင် 

လို့ လာခဲ့မယ်မင်းဆီကို လို့‌ဆိုတဲ့ 

ကိုဂျေကြီး

ဒါကတော့ အဲဒီအချိန် သူ စတိတ်ရှိုးတိုင်းမပါမဖြစ်ဆိုတဲ့ သီချင်း

သူ့အတွက်က ဒီအခွေမှာ Bryan Adam သီချင်းအသစ်ထပ်ရွေးစရာမလိုပဲ သူ့ရဲ့ပေါက်သီချင်းကိုပြန်ထည့်ဆိုယုံပဲ။

 သူ့ဖေးဘရိတ်က Bryan Adam ဆိုတော့ ဒီအခွေမှာ သူက မပါမဖြစ်ပါလာပြီပေါ့။


နံရံတိုင်း

စာသားကြောင့် မသီရိကို ဒီအခွေထဲ ထည့်လိုက်ပုံပဲ 


မင်းအတွက်ဘာပဲဖြစ်ဖြစ်

Bryan Adam ရဲ့ နိုင်ငံတော်သီချင်းလို့ဆိုရမယ့် သီချင်း

ကိုဂျေကြီးက ထပ်တူနီးပါး ဘာသာပြန်ထားတဲ့ စာသားကိုအပီချွဲထားတာပေါ့။

သူ့အတွက် သီချင်းအသစ် ရွေးစရာမလိုတဲ့ နောက်တစ်ပုဒ်။

တကယ်လည်း တခွေလုံးက Bryan Adam ရဲ့ Greatest Hits တွေကိုး


ကြိုက်ရာရွေးချယ်လိုက် အခွင့်အရေးတွေရှိ

ငါ့နှလုံးသားလေး ငါ ပြန်မေးနေမိ

ငါ မင်းလေးပဲလိုအပ် 

ငါ မင်းလေးပဲအလိုရှိ 

မင်းနဲ့မလဲနိုင်ဘူး

အစားထိုးပြီး ဘာတွေပေးမလဲဟေ့ ....


တကယ်တမ်းပြောရရင် ကိုဃ နဲ့ သိပ်မလိုက်တဲ့ အစားထိုးမရ ဆိုတဲ့သီချင်း

ဒီသံစဉ်ကို သျှီ လဲ Bryan Adam သီချင်းသီးသန့် Cover ဆိုတဲ့ မှော်ဝင်သောမြစ် ဆိုတဲ့ အခွေမှာလဲ ဆိုထားပါတယ်။ စာသားက ကိုဃ စာသားပိုကောင်းပြီး ဆိုတာက သျှီ ကပိုကောင်းတယ်။ ( ဒါက ကိုယ့်အမြင်ပေါ့)

(စာကြွင်း။ အဖြူရောင်အခန်းစီးရီးထဲမှာ ခရစ္စတိုဖာ လဲပြန်ဆိုထားပါကြောင်း)


အမြဲတမ်း နီးဖို့အရေးလည်း

လေထဲကတိုက်အိပ်မက်

နီးလိုက် ဝေးလိုက်နဲ့ 

ကိုယ်ကြာတော့ရူးချင်တယ်


ဒီအခွေမှာ အပုဒ်ရေ အများဆုံး ကိုဂျေကြီးရဲ့ နီးလိုက် ဝေးလိုက်

ဟိုးအရင်က Bryan Adam သီချင်းနဲ့ ကိုဂျေကြီး အသံနဲ့မလိုက်ဘူးထင်ပေမယ့်

သူပြန်ဆိုသမျှ ကောင်းနေတာတော့ သူ့ရဲ့ သမ္ဘာလို့ပြောရမှာပေါ့။


စူးရှတဲ့ အလင်းတန်းများက မင်းမှုလာ

အစားထိုးမရတဲ့ အိပ်မက်တို့ အဝေးရှောင်ခွာ

မနက်ခင်းလေးရယ်


အဆွေးလမ်းပေါ်မှာကို  မသီရိ ပြန်ဆိုထားတာ

လျှပ်စစ်မိုးကောင်းကင်ထဲက ကိုညွှန့် ခေါ် ချစ်ကောင်းရဲ့ပေါက်သီချင်း

ဘယ်လိုပဲဖြစ်ဖြစ် အဆွေးလမ်းပေါ်မှာ

ဆိုတဲ့ Mood က ကိုညွှန့်ကို လုံးဝမမှီတာသေချာတယ်။


ဂစ်တာလေးနဲ့ကိုယ်နဲ့သာ မအိပ်သေးဘူး

ဆိုတဲ့

ကိုဂျေရဲ့ ဒီညလွမ်းတယ်

ဒီအထိ နားထောင်လာချိန်မှာ 

သဘောပေါက်လိုက်တာက

ကိုဂျေကြီးရဲ့ Bryan Adam collection ကို ကိုညီထွဋ် ကိုရင်ဂို ကိုဃ မသီရိတို့နဲ့ ရံပြီး အထိမ်းအမှတ်‌နေ့စီးရီး လုပ်လိုက်တာပဲလို့။


နောက်ဆုံးသီချင်းက

ဒီအခွေရဲ့ ဒုတိယအကြိုက်ဆုံး

အားလုံးအတွက်

Original သီချင်းမှာ

Rod Steward , Sting , Bryan Adam

တို့ ၃ယောက်ဆိုထားတာကို

Rod Steward နေရာကို ကိုညီထွဋ်

Sting နေရာကို ကိုဃ (ကိုဃ က Sting သီချင်းတွေနဲ့ပိုလိုက်မယ်လို့ ထင်မိတယ်)

Bryan Adam နေရာကို ကိုရင်ဂို

ဆိုထားကြတာ။

ဒီသီချင်းက ဒုတိယအကြိုက်ဆုံးဆိုတော့

ကိုယ့်ရဲ့ ဒီအခွေက အကြိုက်ဆုံးသီချင်းက ဘာလဲဆိုတော့ 

ကိုညီထွဋ် ရဲ့ အထိမ်းအမှတ်နေ့ ပါ။


Bryan Adam ရဲ့ Original တွေကို တမင် ကိုထည့်မရေးထားတာပါ။

သီချင်းတွေ ပြန်နားထောင်ချင်ရင် အောက်က Comment မှာ အခွေ Link တင်ပေးထားပါမယ်။

နားထောင်ကြည့်ပြီး original song လေးတွေ ပြန်နားထောင်ကြည့်ကြပေါ့ဗျာ။


#Axle

#အထိမ်းအမှတ်နေ့

#RockNRollNotes

Tuesday, June 29, 2021

ကျနော်သိခဲ့သော ဇော်ဝင်းထွဋ် (Emperor)

 

ကျနော်သိခဲ့သော ဇော်ဝင်းထွဋ် (Emperor)

 



 

အပိုင်း (၁)

ကျနော့်ရဲ့ အမှတ်တရတွေ သီချင်းတွေရူးသွပ်ခဲ့တာတွေ မူရင်းအချပ်တွေဝယ်စုဆောင်းရတာတွေ ကိုယ်ရဲ အကြိုက်ဆုံး အဆိုတော် ကိုညီထွဋ် (ဇော်ဝင်းထွဋ်) နဲ့သီချင်း အမှတ်တရတွေ ချရေးထားဖို့ သိမ်းထားဖို့.....မှတ်မိသလောက်..သိခဲ့သလောက်...

ကိုယ်ငယ်ငယ် ကလေးဘဝ အိမ်မှာ အဖေ အမြဲဖွင့်တဲ့အခွေက မြန်မာပြည်သိန်းတန်ရဲ့ စုံတောမြိုင် ရွှေသုန္ဒရီ ၊ ခိုင်ထူး ရဲ့ ဆို။ အကိုတွေအမြဲဖွင့်တာ မွန်းအောင် ၈/၈၂အင်းလျား လွမ်းရတဲ့ညတွေလွန်ပါစေ ၊ ကျော်ဟိန်း ၊ စိုးလွင်လွင် ၊ ကိုင်ဇာ ၊တူးတူး နောက် ဇော်ဝင်းထွဋ် ၊ အစုံပဲ... သီချင်းတွေဆို ဘာဖွင့်ဖွင့် အကုန်နီးပါး အလွတ်ရနေပြီလေ။ ဦးကျော် သီချင်းတွေဆိုတပုဒ်မကျန် အကုန်ရ....၊ အဲဒီထဲကမှ မှတ်မှတ်ရရ သဘောကျ စိတ်ဝင်စားခဲ့တဲ့သီချင်းတပုဒ်က " ဘောင်းဘီထဲလက်နှိုက်ပြီး ပလက်ဖောင်းဘေးကလျှောက်သွား..ဘေးပတ်ဝန်းကျင်လဲ သတိမထားမိတော့သလိုပဲ... "

ကလေးဘဝ မှာ စိတ်ထဲကအတုခိုး လိုက်လုပ်မိတဲ့သီချင်းတစ်ပုဒ်.. ဆိုတဲ့အဆိုတော်အသံက ရှတတ နဲ့

ဇော်ဝင်းထွဋ် တဲ့... ငယ်ငယ်က အကိုတွေအပေါင်းအသင်းတွေ ပြောကျတဲ့ နိုင်ငံခြားအဆိုတော် ရောခ့်စတီးဝပ်နဲ့တူအောင် လည်ချောင်းခွဲပြီး အဆိုတော်လုပ်တယ်ဆိုပဲ။

ကိုယ်က ရောခ့်စတီးဝပ်ဆိုတာ ဘာမှန်းလဲမသိ ၊ လည်ချောင်းခွဲထားတယ်ဆိုတော့လဲ.. ဟုတ်မှာပဲပေါ့.. ဘာလို့ဆို ရောခ့်စတီးဝပ်အသံကိုကြားဖူးအောင် အကိုတွေကဖွင့်ပြတာ Sailing လေ။ အဲလိုကျတော့ ဟာ တူတယ်ဟ... ငါဟာ ရွက်လွှင့် ဆိုပြီး... ဆိုတဲ့ အသံနဲတူတယ်ပေါ့။

ဟိုးတုန်းက အခွေတခွေ အခုထွက်အခုနားမထောင်နိုင်ခဲ့ချိန်၊ သတင်းဟုတ်လား မဟုတ်ဘူးလား အင်တာနက် မပြောနဲ့ ရှိတောင်မရှိသေး မဂ္ဂဇင်း စာအုပ်တောင် နပ်မှန်အောင် ငှားမဖတ်နိုင်သေးဘူး။

အဲဒီ လည်ပင်းကိစ္စကလဲ အဲဒီခေတ်က အကျယ်ကျယ် လဘ္ဘက်ရည်ဆိုင်တွေမှာ ငြင်းခုံကြချိန်၊ ကိုယ်တွေအလယ်တန်းလောက်ရောက်မှ အဖြစ်မှန်သိရတာ... နဂိုမူလအသံဆိုတာကို။

ထားပါတော့ သီချင်းနားထောင်တာကနေ လည်ပင်းရောက်သွားတာ။

အခုအဓိကပြောချင်တာ ကိုကြီးထွဋ် (ကိုယ်တွေငယ်ငယ်က ခေါ်တဲ့နာမည်) ၊ ကိုညီထွဋ် ၊ ဇော်ဝင်းထွဋ် ရဲ့သီချင်းတွေကိုစရင်းနှီးတာ ရောဂါ ရွက်လွှင့်ခြင်း ကြယ်တံခွန်။

အဲဒါနဲ့ သူ့အခွေတွေလိုက်နားထောင်တာ အရင်အခွေ မာကျူရီည လမ်းသစ် အချစ်စွမ်းအင်.. . အဲလို ကြုံရာနားထောင်လာရာကနေ မသိမသာ စိတ်ထဲက ဇော်ဝင်းထွဋ် ပရိတ်သတ်ဖြစ်မှန်းမသိဖြစ်လာပါလေရော။

ကိုယ်တွေ အလယ်တန်း ရောက်ချိန်မှာ အရမ်း ကြိုက်တဲ့ အဆိုတော် List တောင်ရှိနေပြီလေ။

ခင်မောင်တိုး ကျော်ဟိန်း ဇော်ဝင်းထွဋ် ခိုင်ထူး တူးတူး စိုးလွင်လွင် ဟေမာနေဝင်း ကော်နီ

အခုကတော့ ကိုညီထွဋ် နဲ့ သူ့ပရိတ်သတ် ကျနော့်အကြောင်းပဲပြောချင်တော့ ကျန်တဲ့အဆိုတော်တွေ ခဏဖယ်လိုက်ဦးမယ်။ ဇော်ဝင်းထွဋ် ဆိုပြီး ရန်ကုန် လဘ္ဘက်ရည်ဆိုင် တော်တော်များများမှာခဏခဏဖွင့်တာ အကောင်းဆုံးတေးများအခွေထွက်ပြီးချိန် ဖြစ်မယ်။ ကိုယ်ကြိုက်ခဲ့တဲ့ သီချင်းတွေအများကြီးကို တခွေထဲတွေ့ရသလို... အကောင်းဆုံးတေး Greatest Hits ဆိုတာ အဲဒီမှာစနားလည်ခဲ့တာပဲ။

အဲဒီအကျင့်က အခုချိန်ထိ နိုင်ငံခြားအခွေတွေဝယ်စုရင် Greatest Hits တို့ Best Of တို့ကိုအရင်ရှာဝယ်စုမိတယ်။ Description: 😁

အဲဒီနောက် မြန်မာပြည် Rock လိုင်းမှာ ဇော်ဝင်းထွဋ် ကို အခုချိန်ထိ Legend တယောက် ​ဖြစ်လာတာလို့ပြောရရင် မမှားဘူး။ Description: 🤘🏻Description: ☝🏻 

အကောင်းဆုံးတေး အပြီး ရောခ့်တစ္ဆေ ကိုကြားရချိန်... ကျနော်တို့လို Rock သီချင်းကြိုက်တဲ့ကောင်တွေအတွက် နိုင်ငံခြား ဝိုင်းတွေကို ရှာနားထောင်ချင်လာအောင် ဆွဲဆောင်နိုင်ခဲ့တဲ့အခွေလို့ပြောရမယ်။ ဘာလို့ဆို ကိုညီထွဋ် ပြန်ဆိုခဲ့တဲ့ သီချင်းတွေက အဲဒီအချိန် ကာလမှာ လူတိုင်းနားစွဲမယ့် သံစဥ်တွေမဟုတ်လို့ပဲလေ၊ ကိုယ်တွေလို ပရိတ်သတ်တွေပဲလက်ခံခဲ့သလို တချို့ မသိလိုက်ကြတဲ့အခွေပေါ့။ မူရင်းသီချင်းဆိုတာကလဲ ကိုယ်တွေသိရတာမဟုတ် ၊ အဲဒီအချိန် နာမည်ကြီးတေးသံသွင်းတွေမှာ မူရင်း သီချင်းတွေ အခွေသွားကူးမှသိရတာ။

နောက်ပိုင်း တချို့အခွေတွေ သီချင်းစာအုပ်တွေမှာ original songs လေးတွေထည့်ပေးလာတယ်။

နောက် ပလေးဘွိုင်သန်းနိုင် ရဲ့ သီချင်းအများစု ပြန်ဆိုတဲ့ ရှင်သန်ခြင်း ရှင်သန်ခြင်း၂ ၊ သုံးယောက်တွဲ မတရားပေါက်ခဲ့တဲ့ ဂျေမောင်မောင် ချစ်ကောင်းတို့နဲ့ လျှပ်စစ်မိုးကောင်းကင်အခွေ  အဲဒါတွေမတိုင်ခင် ကိုယ်သိပ်မသိခဲ့တဲ့ အတွဲအခွေ အားလုံးကောင်းသွားမှာပါ၊ တပုဒ်ထဲ ထပ်ခါတလဲလဲ ဖွင့်နားထောင်ရတဲ့ အဝါရောင်လမ်းကလေး အခွေ။ တခုထူးခြားတာက အားလုံးကောင်းသွားမှာ အခွေမှာ ပလေးဘွိုင်သန်းနိုင် ဆိုခဲ့တဲ့ အဝါရောင်လမ်းကလေး သီချင်းကို အဝါရောင်လမ်းကလေး အတွဲအခွေမှာ ကိုညီထွဋ် ပြန်ဆိုသလို အခွေကာဗာ ဒီဇိုင်းကို ကိုညီထွဋ် ကိုယ်တိုင်ဆွဲတယ်ဆိုတာပဲ။ ရွက်လွှင့်ခြင်း အခွေမှာ အချိန်အခါမတိုင်ခင် ဆိုခဲ့တဲ့ အားလုံးကောင်းသွားမှာပါထဲက အချစ်တွေမပြိုလဲနဲ့ သီချင်းကို ပြန်ထည့်တာ ကိုညီထွဋ် ရဲ့အချိန်အခါနဲ့

သီချင်းရွေးပုံကို ပိုလေးစားသွားတယ်။ ဘာလို့ဆို အားလုံးကောင်းသွားမှာပါထဲက ကိုညီထွဋ် ရဲ့သီချင်းတွေထဲက အကြိုက်ဆုံးတပုဒ်ပဲလေ။

နောက်ပြီး စသတိထားမိခဲ့တာ ဇော်ဝင်းထွဋ် နဲ့ Emperor Band ၊ ပထမဆုံး မာကျူရီည အခွေကြော်ငြာတည်းက Band ပုံနဲ့ဆိုပေမဲ့ အခုရွက်လွှင့်ခြင်းကျမှ CD cover ပုံကိုသတိထားမိတယ်။ ဇော်အောင် (ဓာတု) ထုတ်တဲ့ ဇော်ဝင်းထွဋ် သီချင်းပေါင်းချုပ် ရခဲ့ပြီးနောက်ပိုင်း ကိုယ်ဟာ ဇော်ဝင်းထွဋ် ပရိတ်သတ်သီးသန့်မဟုတ်တော့ပဲ Emperor ပရိတ်သတ်ဖြစ်လာခဲ့ပြီလေ။


 

အပိုင်း (၂)

နောက်တခု ဇော်ဝင်းထွဋ် ရဲ့ စီးရီးတိုင်း သီချင်းစီတာ ရွေးထားတာ လုံးဝပျင်းစရာ အမျိုးအစားထပ်သွားတာ မရှိသလောက်ပဲ။ ဒါက ကိုယ့်အမြင်ပေါ့။ နေရာသစ်မထွက်ခင် ကိုညီထွဋ် ရဲ့ မာစတာပိစ့်လို့ပြောလို့ရ သတ်မှတ်လို့ရတဲ့ ရာဇဝင် ၊တပုဒ်မှ ပစ်ရက်စရာမရှိတဲ့အခွေ ၊ နားထောင်ပြီး နောက်တခေါက်နားထောင်မိနေတာ။ ပဲရစ်မြို့ကိုပြန်ယူသွား အသည်းကွဲအနမ်း သီချင်းတွေဆို ကိုယ်တွေတီးတဲ့ ဂစ်တာဝိုင်းတိုင်းမပါမဖြစ်သီချင်းတွေ။ အသည်းကွဲအနမ်း သီချင်းကြောင့် Bon Jovi ပရိတ်သတ်စဖြစ်လာတယ်ဆိုလဲ မမှားဘူး။

နောက် Video ရုံတွေမှာ video မပြခင် အရင်ဆုံး အစမ်းပြတဲ့ (အစမ်းဆိုပေမဲ့ တဆခွလုံးနီးပါး) MTV ရွက်လွှင့်ခြင်း ရယ် ရှေ့ပြေး ဗွီဒီယို အခွေ.... ပြကွက်တိုင်း သီချင်းတိုင်း အလွန်နီးပါးရခဲ့ဖူးတယ်။

အဲဒီအချိန် အိမ်တိုင်းမှာ Video အောက်စက်ဆိုတာ မရှိကြသလို အခွေဝယ်ထားဖို့ဆိုတာ ဝေလာဝေးပဲ။ အခုချိန် အဲဒီ Video အခွေတွေ ပြန်လိုချင်လို့မရနိုင်တော့သလို ပြန်ကြည့်ချင်ရင်တောင် Youtube က U San Aung တင်ပေးခဲ့သလောက်ပဲ အလွမ်းပြေကြည့်ခွင့်ရတော့တယ်။

နောက် ကိုဃ (ဟယ်ရီလင်း) ကြီး အားလုံးပြန်ယူသွားပါ အလိုကအတိုင်း ကိုညီထွဋ် နဲ့ ကိုချစ်ကောင်း တို့ရဲ့ ရောခ့်သူရဲကောင်းထဲက အင်းလျားလမ်းကိုအကြိမ်ပေါင်းများစွာ လိုက်ဆိုပြီး တော်တော်ကြိုက်ခဲ့တာ။ အဲဒီအချိန် ... မင်းက ကြိုက်ရအောင် အင်းလားလမ်းကိုသိလား အဆောင်တွေရှေ့ရောက်ဖူးလားဆိုရင်တော့... ဟင့်အင်းပါ.. လို့ပြောရမယ်။

နောက် လျှပ်စစ်သံစဥ်များမှာ တားဆီးလို့မရနိုင်တာအချစ်တို့ လမ်းရွေးခွင့်တို့ လိုသီချင်းတွေပြန်ပါလာတော့ ဒီ ရောခ့်သူရဲကောင်းများအခွေက မေ့မေ့ပျောက်ပျောက်ဖြစ်သွားရော ... အဲဒီနောက်ပိုင်း Bon Jovi ရဲ့ Young Gun II နားထောင်ပြီးချိန် ပထမအခွေ အောင်မြင်ခဲ့တဲ့ လျှပ်စစ်မိုးကောင်းကင် II ကို အရင် လိုင်းအပ်နဲ့ ထပ်ထွက်လာမယ်ဆိုတော့ ပထမအခွေ အောင်မြင်မှု့ကို မှီပါ့မလားပေါ့။

ပထမအခွေက ဂန္တဝင်စိမ်းကို သီချင်းစလာကတည်းက တသွေမတိမ်းလိုက်ဆို ကျင့်ခဲ့တာ ၊ MTV အခွေထဲ တေးရေးမင်းချစ်သူ စာရွက်တွေတရွက်ပြီးတရွက် လုံးခြေပစ်တဲ့ ဒီဇိုင်း၊ ကိုဝေထွန်း Drum ရိုက်တဲ့ဒီဇိုင်း အရမ်းမိုက်တာပေါ့ဗျာ၊ အရွယ်လွန်အချစ်ကို ဖီးလ်ချင်ပေမယ့် အသက်မပြည့်သေးလို့ အစမ်းသပ်ခံ အသည့်နှလုံးနဲ့ ဖီလ်းကြည့်ခဲ့တာ။ အဲလို ပထမအခွေကို မှီပါ့မလားပေါ့ ဆိုတာအထင်နဲ့အမြင်လွဲခဲ့တဲ့ လျှပ်စစ်မိုးကောင်းကင် ၂ပါ။

ကန္တာရခရီးသည် သီချင်းလာတိုင်း အိမ်ကအမေက နင့်သီချင်းကျက်သရေမရှိဘူး ဘာညာနဲ့ အပြောခံရတဲ့သီချင်း၊ Blaze Of Glory ကို နားထောင်ထားတော့ ကန္တာရခရီးသည်ကို ခံစားရတာတမျိုးကြီးပဲ။

အချစ်တဲ့လား ၊ အဓိပ္ပါယ် ၂မျိုး နာမည်နဲ့ အဆင်ပြေရမယ် နဲ့ အဆင်မပြေတာတွေများ ၊ နောက် မျိုးဆက်သစ် သီချင်း... အဲဒါကြောင့် ကျနော်ပြောခဲ့တာပေါ့.. ကိုညီထွဋ် သီချင်းရွေးတာ မိုက်တယ်လို့။

နောက်ထပ် လျှပ်စစ်သံစဉ်များ က နောက်ထပ် Greatest Hits တခွေပေါ့။

Tape cover မှာ Electric Guitar ကို ကိုင်မြှောက်ထားတဲ့ပုံ နဲ့ CD cover မှာကျ Hollow Guitar လေးကိုကိုင်မြှောက်ပြထားတယ်။ သူထွက်သမျှ အခွေတွေမှာ Tape CD သီချင်းစာအုပ် တိုင်း ပုံစံတပုံစံထဲ မသုံးပဲ တခုကိုတမျိုး သုံးပြထားတာလေး သတိထားမိတယ်။ ဒီလျှပ်စစ်သံစဥ် အခွေကတော့ ထွေထွေထူးထူး ပြောစရာမလိုတော့အောင် ဇော်ဝင်းထွဋ် အုတ်မြစ်က ထုနဲ့ထည်နဲ့ ခိုင်ခန့်နေပြီလေ။

အဲဒီနောက် ဇော်ဝင်းထွဋ် ဆိုတဲ့ အရှိန်အဟုန်ပြင်းပြင်း နဲ့ မုန်တိုင်းတခုဟာ နောက်ထပ် ရောခ့် ပရိတ်သတ်တွေအတွက် မရိုးနိုင်တဲ့ တေးသွားတွေ သံစဥ်တွေနဲ့ တိုက်စားလာတာက နေရာသစ်...

ကိုယ်ပိုင်သံစဥ် တဝက် နိုင်ငံခြားသံစဉ်တစ်ဝက် ကို တောင်ကြီးသား လက်စပြင်းတဲ့ တေးရေး အယ်ဖြူ မောင်မောင်ဇော်လတ် နဲ့ ညီညီစံ တို့ရဲ့ ကိုယ်ပိုင်သံစဉ်တွေရယ် ကိုညီထွဋ် နဲ့ အတွဲအဖက်မိခဲ့တဲ့ တေးရေး မင်းချစ်သူ စောခူဆဲလ် တို့ရဲ့ စာသား နိုင်ငံခြားသံစဉ်တွေကို Emperor Band ရဲ့ ဖန်တီးမှု အသစ်တွေ နဲ့ လက်စွမ်းပြချက်က ဇော်ဝင်းထွဋ် နဲ့ Emperor Band ဟာ မှတ်ကျောက်တင်ခံရသလို အဲဒီနောက်ပိုင်း အင်တာဗြူး တခုမှာ " ကော်ပီသံစဉ်ဆိုရတာ သူများအင်္ကျီ ခဏငှားဝတ်ရသလိုပဲ " လို့ဖြေခဲ့တာ ကိုယ်ပိုင်သံစဉ်အတွက်ခြေလှမ်းအစလို့ ဆိုရမယ်။ ဒီ နေရာသစ်အခွေ အောင်မြင်မှု့က နေရာသစ်ကိုရှာဖွေကြသူများ ဆိုပြီး သူ့ရဲ့ ပထမဆုံး One Man Show ကိုလုပ်နိုင်ခဲ့တဲ့အထိ အောင်မြင်ခဲ့တာပါ။ Show အပြင် Show ပွဲအခွေကို နေရာသစ်ကိုရှာဖွေကြသူများ ၁ ဆိုပြီး ထုတ်ခဲ့သလို ၂ ကတော့ အခုချိန်ထိ မထွက်ခဲ့ပါဘူး။

 


 

အပိုင်း (၃)

နေရာသစ် အပြီး ထပ်ထွက်လာရင် ကိုယ်ပိုင်သံစဉ်အခွေဖြစ်မယ်လို့ မျှော်လင့်ခဲပေမယ့် တကယ်ထွက်လာတာ

ခရီးသွားမီးခိုးတန်းများ အခွေ ဒီအခွေရဲ့ အမှတ်တရက ရေးပြရင် မနဲမနော... တကယ့်အမှတ်တရဖြစ်တာ အခွေထွက်ချိန်က မိုးတွင်းကြီး.. အခွေလဲမဝယ်နိုင်.. အဲဒီတော့ ကိုယ်နေတဲ့ လမ်းနဲ့ နောက်တလမ်းက ကျောက်မြောင်း ဓမ္မစိန္ဒာလမ်း ထဲက စာအုပ်တွေအခွေတွေအငှားဆိုင် ကသွားငှားနားထောင်ရတာ။ ဆိုင်နာမည်က ရာဇာ တဲ့.... ကိုညီထွဋ် အခွေထွက်ပြီဆိုတော့ ကိုယ်အရင်ဆုံးသွားပြောပြီး ဘိုကင်တင်ထားရတာ။ ဘာလို့ဆို နောက်ကျရင် မရတော့ဘူးလေ၊ လူတိုင်းအခွေဝယ်ဖို့ဆိုတာ မဖြစ်နိုင်သေးချိန်... ဒါပေမယ့်ဆိုင်က ကိုယ်ငှားနေကျဆိုတော့ ဖယ်ထားပေးတယ်လေ။ တရက်ငှားခ ဘယ်လောက်လဲတော့မမှတ်မိတော့ဘူး။ ခရီးသွားမီးခိုးတန်းအခွေကို ကိုယ်တယောက်ထဲငှားနားထောင်တာ ငှားခက အခွေတခွေစာ မကခဲ့ဘူး။ ဒီအခွေဖွင့်တိုင်း နက်ရှိုင်းခြင်း သီချင်းက Repeat အများဆုံးဖြစ်သလို ကြုံတုန်းကြွားရရင် သီချင်းရဲ့ ဘားအပြည့် လိုက်ဆိုလိုက်အော်နိုင်တဲ့အထိ လေ့ကျင်ဖူးတယ်။ Description: 😁 ဒီအခွေထဲက သီချင်းတွေတပုဒ်ချင်းအကြောင်းပြောရင် မနဲဘူး.... တေးရေး သုခမိန်လှိုင် ပြောပြဖူးတဲ့စကားလေးနဲ့ပဲ ပြောရရင် ချယ်ရီ ဆိုတဲ့ သီချင်းရိုးရိုးလေးတောင် ကျနော်ရေးပေးတာ ရိုးရိုးအေးအေး သီချင်းလေးပဲ၊ ဒါပေမယ့် ဇော်ဝင်းထွဋ် ဆိုပြလိုက်တာ အဲဒီလောက်ထိ ကောင်းသွားတာ ထင်တောင်မထင်ဘူးတဲ့။ ဇော်ဝင်းထွဋ် ဟာ ဇော်ဝင်းထွဋ် ပါပဲ။ Copy အခွေဆိုတာကို မေ့သွားအောင် ဆိုပြသွားသူပါ။

ပြီးတော့ ဘဝမှာ ပထမဆုံး ကိုညီထွဋ် ရဲ့ CD ကိုဝယ်ဖူးတဲ့အခွေ... အရင်အခွေတွေတုန်းက Tape ပဲဝယ်နိုင်ခဲ့တာ။ အဲဒီအခွေက အသစ်ကပြန်စ အခွေ...... ဘာလို့ အရင်သီချင်းတွေ ခဏခဏ ပြန်ထုတ်တာလဲဆိုတာ အရင်ကတော်တော်စဉ်းစားခဲ့ဖူးတယ်။ အခုချိန် ကိုယ်နားလည်လိုက်တာတခုက ပရိတ်သတ်နဲ့အဆက်မပြတ်ဖို့ လို့ သဘောပေါက်လိုက်တယ်။ ဒီအခွေကလဲ သူ့ အပေါက်ဆုံး အကောင်းဆုံးတွေ ပြန်လုပ်တဲ့အခွေကိုး။

အဲဒီနှစ်မှာပဲ သူ့ရဲ့ ဒီ အသစ်ကပြန်စအခွေကို လူတိုင်းမေ့သွားစေတဲ့ အခွေတစ်ခွေထပ်ထွက်လာတယ်လေ။

အဆိုတော် ကိုမင်းဂေါင် ဆိုဖို့စီစဉ်ထားပြီး မဆိုဖြစ် မထုတ်ဖြစ်လိုက်တဲ့ မင်းမင်းလတ် သီချင်းတွေကို ဇော်ဝင်းထွဋ် ရင်ဂို စည်သူလွင် အင်ပါယာအဖွဲ့သားတွေ ဆိုပြီး Emperor Band ရဲ့ Arrangements အသစ် ပုံစံအသစ်နဲ့ထွက်လာတဲ့ ဆေးဆိုးပန်းရိုက်မျက်နှာအခွေ၊ ဒီအခွေထွက်ချိန် ဖြန့်ချီရေးလောကမှာ ပရီစနစ် ပရီအခွေတွေလုပ်နေချိန်..... အခွေပေါက်တာက မြို့ရော နယ်ပါမကျန်သလို.... သင်္ကြန်အချိန်မှာလဲ ဆေးဆိုးပန်းရိုက်ကျတာပဲလေ။

မယ်သီတာခိုးတာ ဘယ်သူလဲ သီချင်းမှာဆို အခုခေတ် ပြန်ဆိုတွေကိုဝိုင်းပြောနေကျသလို.. အဲဒီခေတ် ဘိုးတော် တော်တော်များများက သီချင်းပုံစံပျောက်တယ်... ဖျက်ဆီးတယ်လို့စွပ်စွဲခဲ့ကြပေမယ့်.. ကိုယ်တွေက အရမ်းကြိုက်ခဲ့ကျတယ်လေ။  ၁၉၉၅ ကတော့ ဇော်ဝင်းထွဋ် နှစ်လို့ပြောရမလားပဲ။

နေရာသစ်အခွေအတွက်လုပ်တဲ့ စတိတ်ရှိုးပွဲက အခွေ နေရာသစ်ရှာဖွေကြသူများ ၁ ၊

နောက် Metal Zone ဦးဇော်ဝင်း တို့နဲ့ အပျော်ဆိုပြီးလုပ်လိုက်ကြတဲ့ မြန်မာပြည်ရဲ့ ပထမဆုံး ရောခ့်အင်ရိုးသင်္ကြန် အခွေ ၊(သင်္ကြန်မိုး အခွေအပြီးသင်္ကြန်သီချင်းအခွေထဲအခုထိ အကြိုက်ဆုံး အခွေ)၊

ပြီးတော့ ဗွီဒီယိုအခွေက သီချင်းတွေ Soundtrack အနေနဲ့ထွက်တဲ့ ထစ်ချုန်းမိုးအခွေ (အဲဒီအခွေ နောက်ဆက်တွဲအနေနဲ့ ဗွီဒီယိုရော Soundtrack ပါထပ်ထုတ်တဲ့ ထစ်ချုန်းမိုး ၂ လဲထပ်ထွက်သေး)၊

အဲဒီနောက် အားကာရံပုံငွေအတွက် သံလိုလူသား၊ ရင်ဂိုနဲ့ ၂ယောက်တွဲ အိပ်မက်လမ်း အခွေ၊ မြန်မာပြည်မှာ ရုပ်မြင်သံကြားအစီအစဥ် တခုထဲရှိချိန် စစ်အစိုးရက စလုပ်တဲ့ မြဝတီရုပ်မြင်သံကြားအစီအစဥ်မှာ တေးရေး မြသန်းစံရဲ့ စာသားကို ကိုညီထွဋ် ကိုမောင်မောင်လွင်တို့ရဲ့ အမိုက်စားဖန်တီးထားတဲ့ သံစဉ်နဲ့ မဟာ သီချင်းအခွေ (TV အစီအစဥ်မှာ စလာချိန်တိုင်း လွှင့်သမျှအချိန်အတိုင်း မလွတ်တမ်းကြည့် အခွေမထွက်ခင် အလွတ်ရနေတဲ့ မဟာ ၁ ၊ အခွေမှာ မဟာ ၁၂၃၄၅ ၅ပုဒ်ထဲသီချင်းကို ပထမဆုံး မဟာအနုပညာရင်ပြင် ကထုတ်လုပ်ခဲ့ပြီး ၊ ဇော်ဝင်းထွဋ် ရဲ့ နိုင်ငံရေးပေါ်လစီ သီချင်းလို့လူတွေဝေဖန် ငြင်းခုံခဲ့တဲ့သီချင်းပေါ့၊ ဖန်အင်အားလျှော့ကျသွားတဲ့သီချင်းလို့ပြောရမယ်။ ဒါပေမယ့် မဟာသီချင်းလိုမျိုး ဖန်တီးမှု့ အတွေးအမြင်ကို နောက်တခေါက်ထပ်ဖန်တီးဖို့ မဖြစ်နိုင်တော့သလို ၊ အဲဒီအချိန် လူအများဝေဖန်ခံ ၊ သူယုံကြည်ရာလုပ်ခဲ့တဲ့ရလာဒ်တခုကလူတွေ ပုဂံကိုရောက်ပြီဆို ကိုညီထွဋ် ရဲ့ မဟာကိုပြေးသတိရကျတာပဲ။) နောက်ပြီး စီစဥ်နေတာ နှစ်အတော်ကြာမှထွက်ပြီး ဖန်အများစုမျှော်လင့်နေတဲ့ Rod Steward သီချင်း သီးသန့် ပြန်ဆိုထားတဲ့ ဂျစ်ပဆီမိုးတိမ် အခွေထွက်လာခဲ့တယ်။ I don't wanna talk about ရဲ့ မြန်မာလိုသီချင်းကို ဆင်ဆာ ထိလို့ အင်္ဂလိပ်လိုပဲ အခွေထဲပါလာတာတော့ သိခဲ့ရတယ်။

ဂျစ်ပဆီမိုးတိမ် သီချင်းက ပလေးဘွိုင်သန်းနိုင်ဆိုခဲ့တာ တော်တော်ကြာမှသိခဲ့ပေမဲ့ ချစ်ရမ္မက်ကတော့ ပလေးဘွိုင်ကြီးဆိုတာ အရင်ကြားခဲ့ဖူးတယ်၊ ဒါပေမဲ့ ကိုယ့်အကြိုက်ဆိုရင်တော့ ကိုညီထွဋ် ဆိုတာ ရောခ့်စတီးဝပ်ကြီး မုဒ်အပြည့်ရတယ်လို့သတ်မှတ်မိတယ်။


 

အပိုင်း (၄)

တိုင်းရင်းသား သံစဉ်တွေ ၊ နောက်ပီး တိုင်းရင်းသား တစုချင်းစီရဲ့ အထင်ကရ အမှတ်တရတွေကိုဖော်ကျူးထားတယ်။

မြန်မာ့ရုပ်မြင်သံကြားမှာ လာနေတဲ့ သီချင်းတပုဒ် ... တေးရေး စောခူဆဲလ် ရဲ့စာသား စကားလုံးအထားအသိုလေးတွေ... လီယိုနတ်ကိုမောင်မောင်လွင် Arrangement နဲ့ Emperor နဲ့ ကိုညီထွဋ် တို့ရဲ့ စည်းလုံးခြင်းအတွက်သီချင်းတစ်ပုဒ် .. ထုံးစံအတိုင်း ပေါ်လစီ သီချင်းဆိုပြီး ဝေဖန်သံတွေဆူညံစေခဲ့ပေမယ့် အခုချိန်ထိ ကျောင်းကပွဲ အထင်ကရပွဲတွေ တိုင်းရင်းသား အထင်ကရပွဲတွေမှာ မပါမဖြစ် အသုံးများဆဲဆိုတာ ဘယ်သူမှမငြင်းနိုင်ပါဘူးလေ။ အခွေမှာတစ်ပုဒ်ထဲပါတာ မြန်မာပြည် Tape သမိုင်းမှာ ပထမဆုံးနဲ့ တခုထဲသောအခွေလေ... လက်ဆောင်ရတာလား ဝယ်ဖြစ်တာလား မမှတ်မိတော့ဘူး။ Metal Zone တေးသံသွင်းနဲ့အတွဲများလာတဲ့ ကိုညီထွဋ် နဲ့ Emperor ဟာ အတွဲထူးစွာနဲ့ ဟယ်ရီလင်း ရင်ဂို စည်သူလွင် တို့အပြင် ခရစ္စတိုဖာ ပါတဲ့ အဖြူရောင်အခန်း ဆိုတဲ့အခွေထုတ်ခဲ့ပါတယ်။

သူ့ရဲ့ ကိုယ်ပိုင် စတူဒီယို ထုတ်လုပ်ရေး EMG နဲ့ ၉၆ မှာ အတွဲအခွေအများဆုံးထွက်ခဲ့တယ်။ ထွက်သမျှ အတွဲအခွေတိုင်း အောင်မြင်ခဲ့တဲ့အခွေတွေဖြစ်ပြီး ၊ ထူးထူးခြားခြား Bryan Adam ရဲ့ သီချင်းတွေပဲ သီးသန့်ဆိုခဲ့တဲ့ အထိမ်းအမှတ်နေ့ အခွေ၊ ရုပ်ရှင်ဇာတ်ဝင်တေးတွေဆိုတဲ့ပဲ့ကိုင်ရှင် ရယ် ထစ်ချုန်းမိုး ၂ အခွေရယ်၊ MTV video ပါရိုက်ပြီး နေရာသစ်နောက်ပိုင်း အယ်ဖြူသီချင်းကိုဆိုတဲ့ အဆုံးမဲ့ခရီးစဥ် အတွဲခွေ ရယ် ၊ အဲဒီအချိန် နာမည်ရအဆိုတော် ၆ယောက် ဇော်ဝင်းထွဋ် ဟယ်ရီလင်း ရဲသွင် ချစ်ကောင်း ရင်ဂို မျိုးကျော့မြိုင် တို့ရဲ့ ဆဠကမ္ဘာ၉၆ ၊

နောက်ပြီး ဖန်တွေမျှော်နေတဲ့ လျှပ်စစ်မိုးကောင်းကင် ၃ အစား ရေစီးသံဆိုတဲ့ ကိုယ်ပိုင်သံစဉ်အခွေတခွေကို လျှပ်စစ်မိုးကောင်းကင် လိုင်းအပ်အတိုင်းထွက်လာပေမယ့် ပထမ ၂ ခွေရဲ့ အရှိန်အဝါကို မကျော်နိုင်ခဲ့ပါဘူး။       ဒါပေမယ့် အဲဒီအထဲက ကိုညီထွဋ် ရဲ့ ကမ္ဘာဟောင်းနေ့ သီချင်းကြောင့် ရေစီးသံအခွေကို ၃ခါဝယ်ရတာမှတ်မှတ်ရရပါပဲ။ ဘာလို့ဆို အဲဒီတပုဒ်ထဲ ခဏခဏနားထောင်ဖို့ တိပ်ကို Repeat ရစ်ပါများပြီး ပျက်ထွက်ကုန်လို့လေ Description: 😁.....

အတွဲအခွေတွေအများဆုံးထွက်ပြီး

ကိုညီထွဋ် ရဲ့ ပထမဆုံး တကိုယ်တော်ကိုယ်ပိုင်သံစဉ် မျှော်လင့်ခြင်းခရီးသည်များ ........

ထွက်မဲ့နေ့ ကျူရှင်လစ် ပြီး ဂစ်တာတီးအရမ်းကောင်းတဲ့ သူငယ်ချင်းတယောက်နဲ့ လိုင်းကားတွယ်စီးပြီး CMP တေးသံသွင်းဖြန့်ချီရေးကို ချီတက်ကြတာ၊ CMP ရှေ့ရောက်တော့ ကိုယ်လို စောင့်နေသူတွေ ပလက်ဖောင်းဘေး နားမှာ ဟိုတစုဒီတစုနဲ့..အခွေကမရောင်းသေးဘူး၊ အဲ... သီချင်းစာအုပ်တော့အရင်ရောင်းပေးထားတယ်။ နောက်ပြီး ဆောင်းဘောက်ကြီး ၂လုံးကို ဆိုင်အပေါက်အဝမှာ ချထားပြီး အခွေကိုဖွင့်ပြထားတာ။ ဒီကကောင်တွေက အကြိုက်ပေါ့.... လမ်းဘေး ပလက်ဖောင်းမှာထိုင်ပြီး သီချင်းစာအုပ်လေးဖွင့် သီချင်းတွေ တပုဒ်ပြီးတပုဒ် နားထောင်နေတာပေါ့။ အဲဒီအချိန် ကိုညီထွဋ် လက်မှတ်ထိုးရောင်းတာလား ဘယ်လိုလဲသေချာမမှတ်မိတော့ဘူး။ အဲဒီအချိန်ကိုယ်က အခွေရဖို့အဓိကလေ... အခွေရောင်းပြီဆိုတာနဲ့ အခွေ တယောက်တခွေဝယ်ပြီး ကိုယ့်ရပ်ကွက်ကိုအမြန်ပြန်တာပဲလေ။  ဘာလို့ဆို ဆိုင်မှာဖွင့်ပြတာ ၃ပုဒ်လောက်ပဲ လှည့်ဖွင့်ပြတော့ အကုန်နားထောင်ချင်နေပြီလေ။ ရပ်ကွက်ထဲရောက်တာနဲ့ ကိုယ်တွေထိုင်နေကျ ဒေါင် ကျားကွက်သစ်လမ်းပေါ်က Fame လဘ္ဘက်ရည်ဆိုင်ကိုချီတက်တာပေါ့။  နောက်ပိုင်းသီချင်းနားထောင်ရတာ အိမ်မှာဆို သိပ်အစေးမကပ်တော့သလို လဘ္ဘရည်ဆိုင်မှာက အမ်ပလီဖာယာနဲ့ဆောင်းဘောက်ကြီးကြီးနဲ့ကို ပိုအရသာတွေ့နေပြီလေ။ နောက်ပြီး လဘ္ဘက်ရည်ဆိုင်မှာ အခုထွက်တဲ့အခွေကို အခုချက်ချင်း ဆိုင်ရှင်ကိုတိပ်ခွေပေးဖွင့်ခိုင်းနိုင်တဲ့အကောင်ဆို ဆရာပဲလေ... (ဘာဆရာမှန်းတော့မသိ Description: 😁)

ကိုယ်တွေလူငယ်ဘဝ အခွေနားထောင်ဖို့ ကျောက်မြောင်း ကျားကွက်သစ်လမ်းမှာ ဆောင်းဘောက်နဲ့သေချာဖွင့်ပေးတာ Fame , Two Seven, ရွှေခရား ​နောက် မြို့ပတ်လမ်းက Country Boy လဘ္ဘက်ရည်ဆိုင်တွေပဲ။ ထားပါတော့ ကိုညီထွဋ် ရဲ့ မျှော်လင့်ခြင်းခရီးသည်အခွေဟာ ကိုယ်ထင်ထားတာထက်ပိုအောင်မြင်ပြီး အရင်ပေါ်လစီ သီချင်းတွေဆိုတယ်လို့ စွပ်စွဲခဲ့ကျတဲ့ သူတွေပါပြန်လည်စိတ်ညွှတ်ခဲ့ရတဲ့အခွေတခွေပေါ့။ တောင်ကြီးသား မောင်မောင်ဇော်လတ် ရဲ့ သီချင်းတပုဒ် ထပ်သုံးခဲ့ပြီး အဲဒီထဲနိုင်ငံတော်သီချင်းလို့ပြောရမယ့် အနှိုင်းမဲ့သီချင်း ၊ ဒီသီချင်းနဲ့ နာမည်ကျော် အမျိုးသမီးသရုပ်ဆောင်တယောက်ပေါ်ထွက်လာသလို၊ ကိုယ်တွေရဲ့လမ်းဘေးဂစ်တာဝိုင်းမှာ ဒီစီးရီးထဲက သီချင်းတွေမပါမဖြစ်ဆိုခဲ့ တီးခဲ့ကျတာ အခုချိန်ထိပါနေဆဲပေါ့။


အပိုင်း (၅)

Emperor နဲ့ ကိုညီထွဋ် တို့ရဲ့ နောက်ထပ် သင်္ကြန်အခွေ Emperor သင်္ကြန် ထပ်လုပ်လာသလို ကာဗာပန်းချီကို ဆရာသော်က ရဲ့ အရိုင်းဇာတ်ကောင်ပုံလေးနဲ့ ၉၇ ပွဲဦးထွက်အနေနဲ့ထွက်လာပေမယ့် Rock 'N' Roll သင်္ကြန်ရဲ့ အရှိန်ကိုမကျော်နိုင်ခဲ့ပါဘူး။ ဒီအခွေမှာ ရောခ့်အင်ရိုးသင်္ကြန်မှာ ပါခဲ့တဲ့ မျိုးကျော့မြိုင်မပါတော့ပဲ စည်သူလွင် ပါလာပါတယ်။ မှတ်မှတ်ရရ VCD karaoke ပါထွက်လာပြီး VCD အခွေထဲ သီချင်းစာသားကိုဆင်ဆာဖျက်တာ နားထောင်ရင်း အသံပျောက်ပျောက်သွားတာ တော်တော်စိတ်ညစ်ရလို့ တခါနားထောင်ပြီး နောက်တခါမကြည့်ချင်လောက်အောင်ဖြစ်ခဲ့ရတာအမှတ်တရပဲ၊...

နောက် လှိုင်းတေးသံသွင်းက ထုတ်ပြီးဓာတ်ပုံရဲမြင့်လွင် နဲ့ MTV Video အခွေပါထွက်တဲ့ အရင်နှစ်တွေက အပေါက်ဆုံးသီချင်းတွေနဲ့အတွဲခွေ MTV သီချင်းများအခွေမှာ ဂျစ်ပဆီမိုးတိမ် သီချင်းနဲ့ပါလာတယ်။ အဲဒီ MTV ဗွီဒီယို အခွေကို အခွေငှားဆိုင်ကငှားပြီး ခဏခဏကြည့်ဖူးသေးတယ်။ အဲဒီအချိန် အိမ်တွေမှာ ကိုယ်ပိုင်အောက်စက်လေးတွေ ဝယ်လာနိုင်တဲ့အချိန်ပေါ့။ ဗွီဒီယိုအခွေက လိုချင်ပေမယ့် မဝယ်နိုင်သေးတဲ့အချိန်။

ကိုညီထွဋ် ရဲ့ ပထမဆုံး တကိုယ်တော် Unplugged Live အခွေ.... Show ပွဲကို $ နဲ့လက်မှတ်ရောင်းခဲ့ပြီး Live မှာဆိုခဲ့တဲ့အတိုင်းကိုပဲ စတူဒီယိုမှာ ပြန်မပြင်ပဲ ထုတ်ခဲ့တဲ့အခွေလို့သိခဲ့ရတယ်။ Unplugged ဆိုတာ ဒီလိုတီးတာ ဒီလိုဆိုတာပါလားလို့ သေချာသိခဲ့ရသလို အချစ်သေနတ် သီချင်းကို ဒီအခွေနားထောင်ပြီးမှ သေချာဂစ်တာလိုက်တီးဆိုနိုင်ခဲ့တာ မှတ်မှတ်ရရပဲလေ။ Description: 😁

နောက် အတွဲခွေတွေမှာ ပါခဲ့သမျှ သီချင်းတွေကို Collect လုပ်ပြီး ထုတ်ခဲ့တဲ့ အဆုံးမရှိ အပါအဝင်လက်ရွေးစင် သီချင်းများ။ ကိုယ့်အတွက် အိုင်ဒီယာ တခု သိခွင့်ရလိုက်တဲ့အခွေ၊ ဘာ အိုင်ဒီယာလဲဆိုတော့ အဲလိုဗျောက်သောက်အတွဲအခွေတွေမှာဆိုခဲ့သမျှ သီချင်းတွေ သပ်သပ် ရွေးထုတ်သိမ်းထားဖို့ဆိုတာလေ.... ကိုယ်ကြိုက်တဲ့အဆိုတော်သီချင်းက တပုဒ်နှစ်ပုဒ်စ နဲ့တခွေလုံးစာမတတ်နိုင်ရင် အဲလိုရွေးထုတ်ပြီး တခွေစာပြန်သိမ်းလို့ရတယ်ဆိုတာပဲ။ ဒီအခွေထဲမှာ collect ပြန်လုပ်ထားတဲ့သီချင်းအမိုက်တွေအပြင် လီယိုနတ်ကြီး တကိုယ်တော် Keyboard တခုထဲနဲ့ လက်စွမ်းပြထားတဲ့ သင်းကွဲသီချင်း၊ ဘဝတစ်ခု အချစ်တစ်ခု သီချင်းတွေဟာ ပုံစံတမျိုး အရသာတမျိုးရလိုက်ရတယ်လို့ခံစားရတယ်။ အဲဒီအချိန်တုန်းက ဘယ်လိုသီချင်းအမျိုးအစား လဲဆိုတာ ဘာမှနားမလည်ခဲ့ဘူးလေ။ ဗွီဒီယိုဇာတ်ဝင်တေး အနေနဲ့ မီးမုန်တိုင်း အတွဲ အခွေထပ်ထွက်ခဲ့ပြီး ကိုညီထွဋ် ဆိုတဲ့ မီးမုန်တိုင်း သီချင်းကို နောက်ထပ်ထွက်တဲ့ ကျော်ကြားခဲ့သောဇာတ်ဝင်းတေးအခွေမှာ ဘိုဘိုကပြန်ဆိုခဲ့ပါတယ်။

အဲဒီနှစ်မှာ Iron Cross Band နဲ့ စောဘွဲ့မှူး အမှတ်တရ လူစုံ၂ ခွေတွဲမှာ ကိုညီထွဋ် ပြန်ဆိုခဲ့တဲ့ အချစ်ရဲ့အားမာန် နဲ့ စတိတ်ရှိူးဘုရင်မ သီချင်း ၂ပုဒ်မှာ လူသိများ လူကြိုက်များခဲ့တာ အချစ်ရဲ့အားမာန် သီချင်းပေါ့။ "အိုဗာတင်း တွေ ချောကလက်တွေ " ဆိုပြီး ကိုယ်တွေလမ်းဘေးဂီတာဝိုင်းထဲ ထပ်တိုးသီချင်းတစ်ပုဒ်ဖြစ်ခဲ့တာပေါ့။

1998 မှာ

အဲဒီအချိန် London Music က ဖြန့်ချီရေးဂီတလောကထဲ စဖောက်လာတာ ဇော်ဝင်းထွဋ် ထူးအိမ်သင် မျိုးကျော့မြိုင် ဘိုဘို စည်သူလွင် တို့နဲ့ MTV ကို ယိုးဒယားမှာရိုက်ပြီး Thai Band တခုနဲ့တီး ယိုးဒယားမှာ အသံသွင်းပြီးထုတ်တဲ့ BigV အခွေ။ BigV ထဲမှာ နေရာသစ်ထဲက သက်တမ်းမဲ့ကို ပြန်ဆိုထားပြီး English လို တစ်ပုဒ် ဆိုခဲ့တာမှာ အဲဒီ English လိုထဲက Cho: အပိုက်ကို ဘာဆိုမှန်း နာမလည်ခဲ့တာ နောက်ထပ် ၁၃နှစ် နီးပါးကြာမှ ဘာဆိုတာ သိခဲ့ရတယ်။ Description: 😁

အခွေထဲ Group songs ချစ်သောကမ္ဘာမြေ သီချင်းက သံပြိုင်အပိုက်ကို ဒီကမ္ဘာကိုဆိုက်ကားနဲ့ပတ်မယ် ဆိုပြီး နောက်ပြောင်ဆိုခဲ့တာ ဒီသီချင်းနားထောင်မိတိုင်း အဲဒီအလိုက်ကို လိုက်ငြီးမိတုန်း Description: 😛......

ကျော်ကြားခဲ့သောဇာတ်ဝင်တေးများ ဆိုပြီး အရင် ဇာတ်ဝင်တေးနာမည်ကြီးတွေကိုပြန်ဆိုတဲ့ အတွဲတခွေရယ်... အချစ်သီချင်းရိုးရိုးလေးတစ်ပုဒ် တိုင်တယ်နဲ့ တကိုယ်တော် သီချင်းအဟောင်းတွေ ထပ်ထုတ်ခဲ့ပေမယ့် လူသိပ်မသိခဲ့ဘူးလေ။ တကယ်တမ်း လူသိများပြီး ပေါက်ခဲ့တာ ထူးထူးခြားခြား အတွဲ ကျော်ဟိန်း ဇော်ဝင်းထွဋ် မျိုးကျော့မြိုင် ၃ယောက်တွဲ ကျော်ဇော်မျိုး ဆိုတဲ့ Live Show ကို Album အနေနဲ့ထုတ်တာ VCD ရော Tape ရော CD ရော တော်တော်အောင်မြင်ခဲ့သလို ကိုညီထွဋ် နဲ့ ကိုမျိုးကျော့တို့ရဲ့ ထစ်ချုန်းမိုးသီချင်းမှာ ဦးကျော်ဟိန်းက Intro အနေနဲ့ စာပိုဒ်လေးရွတ်ပြတာ ဒီအခွေရဲ့ အပေါက်ဆုံးနဲ့ အကြိုက်ဆုံး အပိုင်းလေးပေါ့။

နောက်ပြီး အခွေထွက်ပြီးနောက်ပိုင်း နှစ်စဉ် တန်ဆောင်မုန်း လပြည့် နေ့တိုင်းအမှတ်ရနေပြီး နှစ်စဉ်ဆေးပေါင်းခညတိုင်း Show ပွဲလုပ်ရတဲ့ ဆေးပေါင်းခတဲ့ည ကိုယ်ပိုင်သံစဥ် အခွေ။ ကိုညီထွဋ် ဟာ

ကိုယ်တိုင်ရေးတဲ့သီချင်းတွေမှာ အဆိုကို ဇော်ဝင်းထွဋ် နာမည်ပေးပြီး တေးရေးကို ညီထွဋ်လို့ပေးပြီး ကိုယ်ပိုင်သီချင်းတွေပါရေးခဲ့သလို သူရေးတဲ့ စာသားသံစဥ်တွေဟာ အနုအရွလေးတွေမပါတာတော့ သတိထားမိတယ်။

သူ့ရဲ့ Show ပွဲ တော်တော်များများ မှာအပိတ်သီချင်းဆိုရင် ရွက်လွှင့်ခြင်း ဝဋ်ကြွေး အက်စစ်လိုအမုန်းများ သီချင်းတွေအစား ဒီ ဆေးပေါင်းခတဲ့ည၂ သီချင်းပါ ပါလာတာပေါ့။  အဲဒီတော့ ကိုယ်တွေတီးနေကျ လမ်းဘေးဂစ်တာဝိုင်းမှာလဲ  အပိတ်သီချင်းက ဆေးပေါင်းခကျတဲ့ည ဖြစ်ခဲ့ကြတာပေါ့။


 

 

အပိုင်း (၆)

၉၈လက်ဆောင်ဆိုပြီး ဆောင်းဦးလှိုင် စီစဥ်တဲ့ လူစုံပါတဲ့ အခွေမှာ ကိုညီထွဋ် ရဲ့ ၉၈လက်ဆောင် သီချင်းကြောင့်ပိုပေါက် လူသိများခဲ့သလို မြန်မာပြည်မှာ Happy New Year ယဥ်ကျေးမှု အစပျိုးချိန် နဲ့ အချိန်ကိုက်ဖြစ်လာပါတယ်။ ရောခ့်အင်ရိုးသင်္ကြန် အင်ပါယာသင်္ကြန် အခွေတွေရဲ့ နောက်ဆက်တွဲအနေနဲ့ အဲဒီ၂ ခွေထဲက နာမည်ကြီးသီချင်းတွေအပြင် ဆေးဆိုးပန်းရိုက်မျက်နှာ သီချင်းပါထည့်ပြီး ရောင်စုံသင်္ကြန် ဆိုတဲ့ Remix သင်္ကြန်တခွေကို ကိုဝေထွန်း Remix Mastering လုပ်ပြီးထုတ်ခဲ့တဲ့ နောက်တခွေ....

ဒါပေမယ့် ထင်သလောက်မရောက်ခဲ့ဘူး လို့ဆိုရမှာပေါ့။

ပြီးတော့ 99 မှာ စတီရီယို ခေတ်ဦးက နာမည်ကြီး အဆိုတော်တွေ မင်းမင်းလတ် ဘိုဘိုဟန် တို့ရဲ့ သီချင်းတွေကိုပြန်လုပ်ခဲ့တဲ့ မင်းမင်းလတ်အမှတ်တရ ရယ် နုတ်ခမ်းနီမဆိုးနဲ့ အတွဲ အခွေတွေဟာ အပေါက်ဆုံး လူကြိုက်အများဆုံးအခွေတွေဆိုတာ ငြင်းမရပါဘူး။ မင်းမင်းလတ်အမှတ်တရအခွေမှာဆို ကိုညီထွဋ် ကလေးဘဝက မင်းမင်းလတ်သီချင်းကိုဆိုထားတဲ့အသံလေး နဲ့ သီချင်းအပိုင်းလေး ပြန်ထည့်ထား ပေးတာရယ် မင်းမင်းလတ်အသံနဲ့ သီချင်းကို Remastered လုပ်ပြီးထည့်ပေးထားတာ ကွာလတီတော်တော်မိုက်တယ် လို့ဆိုရမယ်။

နောက် ပလေးဘွိုင်သန်းနိုင် သီချင်းတွေပြန်ဆိုတဲ့ ဇော်ဝင်းထွဋ် ရင်ဂို စည်သူလွင် တို့ရဲ့ လောကအိမ် စီးရီး ၊ ပြီးတော့ ဗန်ဂိုးရဲ့ငှက်များဆိုတဲ့ ဇော်ဝင်းထွဋ် မျိုးကျော့မြိုင် အဲလက်စ် တို့နဲ့ ၃ယောက်တွဲ အခွေတွေဟာ အောင်မြင်တဲ့အတွဲအခွေတွေဖြစ်ပြီး ၊ အဲဒီအချိန် အတွဲအခွေတွေတော်တော်များများမှာ ဇော်ဝင်းထွဋ် သီချင်း ဟောင်းဟောင်းသစ်သစ် တပုဒ်ပါရင်ကို အောင်မြင်တယ်လို့ဆိုရမယ့်အချိန်ပေါ့။

နောက်ထူးထူးခြားခြား မျိုးကျော့မြိုင် ရေးဆိုခဲ့တဲ့ ကိုယ်ဘယ်လိုအရူးမျိုးလဲ သီချင်းကို ချစ်ခြင်းနဲ့မသင့်မြတ်သူများ အတွဲအခွေမှာ ပြန်ဆိုတာ ကိုယ့်ရဲ့ သီချင်း Track List တိုင်းမှာ အခုချိန်ထိ မပါမဖြစ်သီချင်းဖြစ်ခဲ့တာပဲလေ။

တကိုယ်တော် နောက်ထပ်တခွေ ထွက်လာပေမယ့် အရင် သီချင်းဟောင်းတွေကို ပြန် Collect လုပ်ထားတဲ့ NASA ကထုတ်တဲ့ ချယ်ရီ လက်ရွေးစင်တေးများ အခွေပါပဲ။

 

ဒီနှစ်ရဲ့အထူးခြားဆုံးလို့ပြောရမယ့် အခွေ အဲဒီအချိန် မြန်မာဘောလုံးအသင်းရဲ့ အချစ်တော် ဘောလုံးသမားအများစုနဲ့ နာမည်ကြီး တေးသံရှင်တွေနဲ့ အတူတူ တွဲဆို ပြီး လုပ်ခဲ့တဲ့ အကောင်းဆုံးများ၏အမှတ်တရများအခွေ၊

စိုင်းထီးဆိုင်ရဲ့ နာမည်ကြီးသီချင်း ပလက်ဖောင်းမင်းသား ကို စိုင်းထီးဆိုင် ၊ ဇော်၀င်းထွဋ်၊ တူးတူး၊ ချစ်ကောင်း၊ ဂျေမောင်မောင်၊ ဟယ်ရီလင်း၊ ရင်ဂို၊ စည်သူလွင်၊ အဲလက်စ် တို့ Group song အနေနဲ့ဆိုခဲ့ကြပြီး ၊ ကိုညီထွဋ် ရဲ့ ဝဋ်ကြွေးသီချင်းကို ကိုညီထွဋ် နဲ့ ကိုမျိုးလှိုင်ဝင်းက အတူတူဆိုခဲ့ပါတယ်။ အဲဒီအခွေကာဗာ ဒီဇိုင်းဟာ အဲဒီအချိန် အအောင်မြင်ဆုံး အင်္ဂလန်ကလပ်အသင်း အခုဒီမှာနှိမ်ချပြောနေကြတဲ့ ငဆိုက် ဆိုက်ကားအသင်းလို့ လူသိများတဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ လိုဂိုပုံကို ယူသုံးခဲ့တာပါ။

ပါဝင်သီဆိုခဲ့တဲ့ မြန်မာပြည်ရဲ့ နာမည်ကျော် ဘောလုံးသမားတွေက

မျိုးလှိုင်၀င်း၊ အောင်ကျော်ကျော်၊ တင်မြင့်အောင်၊ ၀င်းအောင်၊ စောမြသွေး၊ စိုးမြတ်မင်း တို့ပါ။

 

ပထမတနှစ် ၉၈လက်ဆောင်နဲ့ အောင်မြင်ခဲ့တော့ နောက်ထပ် ၉၉လက်ဆောင်ဆိုပြီး နှစ်ကုန်ခါနီးထပ်လုပ်တဲ့ ဆောင်းဦးလှိုင် အခွေမှာ ထုံးစံအတိုင်းပဲ ကိုညီထွဋ် သီချင်းနဲ့ပဲ ထပ်ပြီးအောင်မြင်ခဲ့ပြန်တယ်။

ကိုညီထွဋ် နဲ့ စုံတွဲသီချင်း စတော်ဘယ်ရီချစ်သဲရှင် ၊ စနေမှာရွာတဲ့မိုး သီချင်းတွေနဲ့ အတွဲမိခဲ့တဲ့ မဟေမာ (ဟေမာနေဝင်း) နဲ့ ၂ယောက်တွဲအခွေ နေ့သစ်တွေထဲမှာ စီးရီးဟာ လူသိနဲခဲ့ပေမယ့် ငယ်သူငယ်ချင်း၂ ယောက် ရဲ့အခွေဟာ အမှတ်တရရှိခဲ့ကြမှာပါ။  ကိုညီထွဋ် ရဲ့ ဘာကြောင့်အချစ်ရေအသည်းခွဲတာလဲ သီချင်းကို စုံတွဲမဆိုတာတခုတော့ အခုထိ အားမလိုအားမရဖြစ်နေဆဲပေါ့။

 

သင်္ကြန်ကို နှစ်စဉ်အာရုံကျလာတဲ့ ကိုညီထွဋ် နဲ့ Emperor ဟာ နောင်ထပ် သတ္တုသင်္ကြန် ဆိုတဲ့အခွေ

(Metal Water Festival) ဆိုပြီး ဇော်ဝင်းထွဋ် ဟယ်ရီလင်း ရင်ဂို မာရဇ္ဇ ချောစုခင် တို့နဲ့

ထပ်လုပ်ခဲ့ပေမယ့် ပရိတ်သတ်တွေရင်ထဲက Rock 'N' Roll Water Festival ရဲ့ အောင်မြင်မှုကိုမကျော်နိုင်တော့ပါဘူး။

ဒါပေမယ့် အချိန်အခါနဲ့ ပရိတ်သတ်တွေ လိုအပ်ချက်ကို သိတဲ့ ကိုညီထွဋ် ဟာ အချစ်သီချင်းချိုလေးတွေကို ပြန် Collect လုပ်ထားတဲ့ အချစ်များသူ့ဆီမှာ အခွေနဲ့ ထပ်ပေါက်ခဲ့သလို စေလိုရာစေ ၁ ဆိုပြီး ရုပ်ရှင်ဇာတ်ဝင်တေး သီချင်းဟောင်းတွေကို ပြန်ဆိုတဲ့ အတွဲခွေ ရယ် Metal Zone Band တီးတဲ့ ဆံပင်တိုတို အချစ်တိုတို လူစုံအခွေတွေနဲ့ ပရိတ်သတ်တွေစိတ်ကျေနပ်စေခဲ့တာပေါ့။ ဒါပေမယ့် စေလိုရာစေ ၂ အခွေကတော့ အခုထိ မထွက်လာခဲ့ပါဘူး။

 

နောက်ပြီး Emperor 15 နှစ်ပြည့်အမှတ်တရ အခွေထွက်လာချိန်မှာ ကိုယ်ချစ်တဲ့ ကိုယ်ကြိုက်တဲ့ Emperor Band နဲ့ ကိုညီထွဋ် တို့ ရဲ့ ဖြတ်သန်းမှု့ အချိန်ကာလဟာ စိတ်ထဲ သိပ်မကြာသေးသလိုပဲလို့ ထင်ခဲ့ရတာပေါ့။ ဒီအခွေမှာဆို ကိုညီထွဋ် ရဲ့ အရင်က "သမီးလေး... စမ်းရေအေး" ဆိုပြီး ဆိုပြတုန်းက သမီးလေးအပြီး နောက်ထပ် မျိုးဆက်သစ် သီချင်းလေးထဲက ကိုညီထွဋ်သားငယ် အီတိုးလေးရဲ့အနှိုင်းမဲ့သီချင်းကို စင်ပေါ်တက်ဆိုတဲ့ချာတိတ်လေး ဖြစ်လာပြီလေ။

ဆေးဆိုးပန်းရိုက်အခွေတုန်းက မဆိုဖြစ်လိုက်ရတဲ့ ကိုမင်းဂေါင်ရဲ့ ယုဇနပင်နဲ့ဖဲကြိုးဝါ ကိုပြန်ကြားရပေမယ့် ကိုညီထွဋ် ပြန်ဆိုတာလောက်နားမစွဲတော့သလိုဖြစ်သွားရော ၊ ဒီအခွေထဲ နားကြားပျင်းကပ် တဲ့သီချင်းတပုဒ် တော့ရှိခဲ့ပေမယ့် ပြောလိုမကောင်းလို့ ချန်ထားခဲ့တာပိုကောင်းမယ်ထင်ပါရဲ့ ၊ ထူးထူးခြားခြား ဒီအခွေမှာ ကိုဖိုးကျော်ကြီး က အမြင့်ပျံသမားကိုပြန်ဆိုသွားတာတော့ တော်တော်ကြိုက်မိတယ်။

 

BigV အခွေပေါက်ခဲ့သလို London Music က ကိုညီထွဋ် နဲ့ နောက်တခွေထပ်ပြီးထုတ်ခဲ့တာက

ဇော်ဝင်းထွဋ် နဲ့ Emperor ရဲ့ နောက်ထပ်ကိုယ်ပိုင်သံစဉ်တခွေဖြစ်တဲ့ အားလုံးရဲ့ကိုယ်စား ......

ချောစုခင် နဲ့ စုံတွဲထုတ်ဖို့ စီစဉ်ပြီး မထုတ်ဖြစ်ခဲ့လို့ ကိုညီထွဋ် နဲ့ မချောစုခင်တို့ရဲ့ စုံတွဲတပုဒ် လမ်းကလေးပဲပါတယ်၊၊ ကိုညီထွဋ် တကိုယ်တော်အခွေအနေနဲ့ပဲ ထုတ်ဖြစ်ခဲ့တာလို့သိခဲ့ရတယ်။ ကိုညီထွဋ် နဲ့ Emperor ရဲ့ နောက်ထပ် အောင်မြင်မှုမှတ်တိုင်ထပ်စိုက်ခဲ့ရတဲ့ အခွေတခွေပေါ့။

နှစ်သစ်ကူးခါနီး ဆောင်ဦးလှိုင်ရဲ့ နောက်ထပ် ၂၀၀၀ လက်ဆောင်ဆိုတဲ့ အခွေ မှာ လဲ ကိုညီထွဋ် သီချင်းနဲ့ ထပ်အောင်မြင်ခဲ့တယ်လို့ ဆိုရမယ်။ ကိုယ့်အမြင်မှာ ကိုညီထွဋ် ကို အဲဒီအခွေတွေမှာ မဆိုစေချင်တော့တာ ဘာကြောင်မှန်းမသိခဲ့မိဘူး။ အလားတူ ၂၀၀၁ လက်ဆောင် သီချင်းဟာလဲ ကိုညီထွဋ်နဲ့ ပေါက်လဲ့ပြီး တကယ့် နောက်ဆုံးနှစ် ၂၀၀၂ လက်ဆောင်မှာ ကိုညီထွဋ် မပါခဲ့ချိန် နောက်ဆုံး လက်ဆောင်အခွေကို လူသိပ်မသိခဲ့တော့တာ က တိုက်ဆိုင်မှုမဟုတ်ခဲ့သလို နောက်ထပ် နောက်ထပ် လက်ဆောင်အခွေတွေလဲ ထပ်မထွက်တော့ပါဘူး။


 

 

အပိုင်း (၇)

သက္ကရာဇ် ၂၀၀၀ အလွန်ကာလဟာ မြန်မာ့ဂီတလောကမှာ အားအရဆုံး အားအကောင်းဆုံး ကာလလို့ဆိုရမယ့်အချိန်.....

၂၀၀၀ အလွန် ပထမဆုံး နှစ်မှာ ထူထူးခြားခြား ကိုညီထွဋ် တကိုယ်တော် ၂ ခွေထွက်ခဲ့ပြီး တခွေက Rod Steward ရဲ့ သီချင်းသီးသန့် Collection၊ သီချင်းဟောင်းအများစုကို Unplugged ပုံစံ အခွေရယ်၊

သူ့ရဲ့ပထမဆုံး Blue သံစဉ်တွေနဲ့ Blue For You ဆိုပြီး အမုန်းမြို့ရဲ့အဝေးမှာ ခေါင်းစဉ်နဲ့ Blue Rock တခွေထွက်ခဲ့ပါတယ်။

Unplugged အခွေ အသစ်တဖန် ကအောင်မြင်ပေါက်ရောက်ခဲ့ပေမယ့် အမုန်းမြို့ရဲ့အ​ဝေးမှာ Blues အခွေက တကယ့် ကိုညီထွဋ် အမာခံ ပရိတ်သတ်တွေပဲလက်ခံ ခဲ့ကြပါတယ်။ ဒါပေမယ့် Rock သီချင်းတွေဖန်တီးခဲ့တဲ့ Emperor Band ရဲ့ Blues သံစဉ် Creation တွေဟာ အသိအမှတ်မပြုလို့ မရလောက်အောင်ကောင်းလွန်း ခဲ့ပါတယ်။

 

လူစုံ အခွေတွေမှာ တော်တော်များများ ပါခဲ့ပေမယ့် သီချင်းဟောင်းလေးတွေပဲ ပြန်ဆိုတာများပါတယ်။

သီချင်းအသစ်အနေနဲ့ ဇော်ဝင်းထွဋ် ထူးအိမ်သင် အဲလက်စ် တင်ဇာမော် မို့မို့ တို့ရဲ့ အချိန်တိုင်းနေရာတိုင်း အတွဲတခွေပဲရှိခဲ့ပါတယ်။

Gospel သီချင်း ၂ပုဒ် ဝင်ဆိုပေးဖူးတဲ့ Jesus Christ Our Hope အခွေဆို ဘယ်အချိန်တုန်းကဆိုပေးပြီး ဘယ်တုန်းကထွက်မှန်းတောင်မသိလိုက်ရပါဘူး။ ဒီအခွေက ကိုယ်သိတဲ့အခွေပေါ့။ ကျန်တဲ့ Gospel သီချင်းတွေတော့ မသိလိုက်ဘူး။

၂၀၀၃ မှာ တော့ လှုပ်ရှားမှု့အများဆုံး အခွေစုံတွေပါဝင်ခဲ့သလို သင်္ကြန် ရုပ်ရှင်ဇာတ်ဝင်တေး ပိတောက်ပင်လယ်

၂ ခွေတွဲမှာပါဝင်ခဲ့သလို အောင်မြင်တဲ့အခွေ အင်ပါယာရဲ့ည စီးရီးမှာ နာမည်ကျော်မင်းသားဒွေးရဲ့ဇာတ်ဝင်သီချင်းကို ပထမဆုံးပြန်ဆိုခဲ့ပြီး အဲဒီသီချင်းက တခွေလုံးရဲ့အပေါက်ဆုံး အချစ်လေပြေ သီချင်းပါ။

အဲဒီနောက် Emperor နှစ်၂၀ပြည့်အမှတ်တရ နှစ်၂၀ရှင်သန်ခြင်း Live Show အခွေထွက်လာပါတယ်။

CD နဲ့အတူ VCD ကွာလတီကောင်းကောင်းနဲ့ပါထွက်လာခဲ့ပြီး ရည်းစားဦးဇာတ်လမ်း သီချင်းကို ဝိုင်းတော်သားတွေလူစုံ ဝိုင်းဆိုပြီး ပွဲသိမ်းသီချင်းလုပ်သွားတာ အမြဲအမှတ်ရနေမယ့် ပုံစံလေးတစ်ခုပေါ့။

ပြီးတော့ Master တေးသံသွင်းကထုတ်တဲ့ ပြတိုက်ထဲကနေ့ ပြတိုက်ထဲကည အခွေဆို မျှော်လင့်ခြင်းခရီးသည်များ အခွေတုန်းကလို ကျူရှင်လစ်သွားစရာမလိုတော့ပဲ အေးဆေးသွားဝယ်ခဲ့ရတာပေါ့။

အခွေထွက်အချိန် CD မထွက်သေးတာလားမမှတ်မိ..Tape ခွေလေးဝယ်တော့ ပိုစတာတချပ် VCD sample တချပ် ၊ ကိုညီထွဋ် ဆွဲတယ်လို့နောက်မှသိရတဲ့ နဂါးပုံစတေကာ တခု လက်ဆောင်ရခဲ့တယ်။ သီချင်းစာအုပ်ကတော့ ဝယ်ခဲ့ရတာပေါ့။  VCD sample အချပ်မှာ သီချင်း MTV တပုဒ်ပဲပါပြီး ကိုညီထွဋ် ရယ် မော်ဒယ် ချောရူပါ  ပါတဲ့ မြင်နေခွင့်ပြုပါ သီချင်း ၊ MTV ထဲ မြန်မာနိုင်ငံရဲ့ ပထမဆုံး ရေအောက်ရိုက်ကွင်းအနေနဲ့ ရေငုတ်တဲ့ပုံတွေ ၊ ကမ်းခြေမှာ လေးဘီးဆိုင်ကယ်စီးပြတဲ့ပုံတွေ နဲ့ အဲဒီအချိန် Video ရိုက်ချက်အသစ်တွေမြင်ခဲ့ရတာပေါ့။  VCD ထွက်လာတော့ VCD ပဲဝယ်ခဲ့မိပြီး CD ကိုဝယ်ဖို့ မေ့ခဲ့တာ နှစ်တော်တော်ကြာမှ CD ကိုပြန်ရှာလို့ရခဲ့တော့တယ်။ ဘာလို့ VCD ပဲဝယ်ဖြစ်လဲဆိုတော့ မော်ဒယ် Zအဘောက် ကို သဘောကျလို့ဆိုရင် … အခုချိန်မှာ ရယ်စရာကြီး …. Description: 😁

စတေကာလေးကတော့ ကွဲသွားတဲ့ဂစ်တာလေးမှာ ကပ်ထားမိတော့ ​မရှိတော့ဘူးလေ။

နောက် ၉၇လောက်က ရပ် ကြည့် သွားအခွေ .....

ပြဇာတ်အနေနဲ့လုပ်ထားတဲ့အခွေ ပြဇာတ်က မကဖြစ်လိုက်ပဲ အခွေပဲထွက်လာခဲ့ပြီး အဲဒီထဲက ရပ်ကြည့်သွား ၊ ဓားသံလျက်နဲ့ပျားရည်စက် သီချင်းတွေကို ပြဇာတ်တိုက်တဲ့ ဗွီဒီယို အပိုင်းလေးတွေတော့ ကြည့် ဖူးပါရဲ့။

နှမျောမိတာက အဲဒီပြဇာတ် မကြည့်လိုက်ရတာပဲ။

ဓားသံလျက်နဲ့ပျားရည်စက် သီချင်းကို ပြတိုက်ထဲကနေ့ပြတိုက်ထဲကည အခွေမှာ New Version နဲ့ ပြန်ဆိုခဲ့ပါတယ်။

အတွဲခွေတွေမှာ ထုံးစံအတိုင်း ပါနေခဲ့ပြီး ထူးထူးခြားခြား MCC ခန်းမ Indoor မှာ ၂ရက်ဆက်လုပ်ခဲ့တဲ့ MCC Live VCD ၂ ခွေတွဲ နဲ့ CD ထွက်လာပါတယ်။

Version ပြောင်းပြီး ဆိုထားတဲ့ ဆူးလေး ဟာ ကိုယ့်ရဲ့ Track List ထဲမှာထပ်ပါလာတဲ့သီချင်းတပုဒ်ပေါ့။ အမုန်းမြို့ရဲ့အဝေးမှာ သီချင်းမှာ Solo ကို အီတိုးကို တီးခိုင်းခဲ့သလို မခိုင်ကြီး (ထွန်းအိန္ဒြာဗို) နဲ့ အချစ်များသူ့ဆီမှာ သီချင်းကို စုံတွဲဆိုပြခဲ့ပါတယ်။

သင်္ကြန်ကို မမေ့တဲ့ ကိုညီထွဋ် ၂၀၀၅မှာ ငါမုန်းတဲ့သင်္ကြန်အခွေမှာ သီချင်းအသစ်တွေနဲ့ ထပ်ပါလာပေမယ့် အဲဒီအခွေဟာ လူသိနဲခဲ့ပါတယ်။

နောက် ချစ်ကောင်း မာရဇ္ဇ တို့နဲ့ ပုံရိပ်များ အတွဲခွေ ၊ သီချင်းဟောင်းတွေသီးသန့် ရယ်

ပြီးတော့ တေးရေးမောင်သစ်မင်း နဲ့ ဦးကျော်ဟိန်း သီချင်းတွေကိုပြန်ဆိုတဲ့ ကမ္ဘာသစ် Live Show အခွေမှာ သီချင်းဆိုသလို အချို့သီချင်းတွေမှာ Drum ဝင်တီးပေးခဲ့ပါတယ်။

နောက် လူစုံ ဘာလိုလို အခွေကတော့ အဲဒီနှစ်ရဲ့ အပေါက်ဆုံးအခွေဖြစ်သလို ကိုညီထွဋ် နောက်ပိုင်း Show ပွဲတိုင်း မဆိုမဖြစ် မပါမဖြစ် သီချင်းတပုဒ်က အဲဒီအခွေက ဘာလိုလို သီချင်းပေါ့။

၂၀၀၆ က ကိုညီထွဋ် ရဲ့ အမိုက်စားသီချင်းတွေထွက်တဲ့နှစ်လို့ပြောရမလား ....

မန္တလေး အရင်သင်္ကြန်မဏ္ဍပ်မှာ ဆိုခဲ့တဲ့ သီချင်းတွေကို မန်းသင်္ကြန် ဆိုပြီး VCD karaoke ပဲထုတ်ခဲ့သလို ငြိမ်းချမ်းရေးပိတောက်သီချင်းကို MTV သီးသန့်ရိုက်ပြီး ထည့်ပေးခဲ့ပါတယ်။

ပြီးတော့ သူထွက်ခဲ့သမျှ စီးရီးခေါင်းစဥ်တွေကို Collect ပြန်လုပ်ပြီး ထုတ်တဲ့ ရာဇဝင်အပါအဝင် ခေါင်းစီးတေး အခွေမှာ လူငယ်အဆိုတော်တွေပါသုံးခဲ့ပြီး ဒီအခွေထဲ ပြန်ဆိုတဲ့ မာကျူရီည သီချင်းဟာ နောက်တကြိမ်ပြန်ဆိုရင် အဲလိုကောင်းလောက်မယ်လို့ မထင်ရလောက်အောင် မိုက်ခဲ့တာ။

မင်းအတွက် အတွဲခွေထဲက ငါ့ရင်ခွင်သီချင်း ဟာလဲ နောက်ထပ် Play List တပုဒ်ပေါ့။

တစ်ကိုယ်တော် ကိုယ်ပိုင်သံစဉ်အခွေ

မျှော်လင့်ချက်ကမ်းခြေ ကတော့ အဲဒီနှစ်ရဲ့ အကောင်းဆုံးအခွေ Emperor နဲ့ ဇော်ဝင်းထွဋ် ရဲ့ အကောင်းဆုံး Creation အခွေလို့ပဲ ညွှန်းချင်ပါတယ်။ ဒီအခွေထဲက ကိုညီထွဋ် ရဲ့ခံစားချက်ကိုထပ်တူမြင်ရတဲ့သီချင်းက ရင်ခွင်ပြောင်းချိန်....

ကိုယ် ကျွန်းနိုင်ငံလေးမှာ အလုပ်လုပ်ဖို့မသွားခင် သိခဲ့တဲ့အခွေတွေက ကိုညီထွဋ် Birthday ကို Sedona မှာလုပ်တဲ့ Rock 'N' Roll Night Show ပွဲကို ထုတ်တဲ့အခွေ ၊ ပရီမီယာကော်ဖီက လုပ်တဲ့ ပရီမီယာကော်ဖီသင်္ကြန်အခွေနဲ့ အတွဲအခွေ တချို့ပေါ့....အဲဒီကာလတွေဟာ မိသားစုအရေး စီးပွားရေးတွေမှာ ရုန်းကန်နေရတဲ့ကာလတွေဟာ သီချင်းတော်တော်များများနဲ့ အဆက်ပြတ်တဲ့ကာလ လို့ပြောရမလား Description: 😔......


 

 

 

အပိုင်း (၈)

ကိုယ်နိုင်ငံရပ်ခြားရောက်ချိန် မှ ပြန်သိရတဲ့အခွေတွေက မင်းချစ်သူ၂၅ လူစုံ အခွေမှာဆိုတဲ့ လူ သီချင်း ရယ် Romanson Live ထဲက ကိုယ်မယုံပါဘူး သီချင်းရယ်။

လူ သီချင်းက မူရင်း Rod Stewart ရဲ့ သီချင်းကို တေးရေးမင်းချစ်သူ ဘာသာပြန်နီးပါး ရေးထားပြီး ကိုညီထွဋ် ဆိုပေါက်၊ ကိုဇော်မျိုးရဲ့ Solo ဟာ မူရင်းထက်ပိုမိုက်ခဲ့တယ်လို့ ထင်ခဲ့ရတယ်။

၂၀၀၉ မှာ တကိုယ်တော် တစ္ဆေလမ်း အခွေ ဟာ ကိုညီထွဋ် နဲ့ Emperor ရဲ့ ရောခ့်အင်ရိုး ဟန်တွေပြန်ရောက်လာတဲ့အခွေလို့ပြောရမယ်။ အခွေမှာ Emperor ရယ် တစ္ဆေလမ်း လို့ပဲ နာမည်တပ်ထားတာ ထူးခြားမှုတခုပေါ့ ၊ နောက်ထပ် ထူးခြားတာတစ်ခုက ကိုယ်ပိုင်သံစဉ်သီးသန့်လို့ ထင်ထားတဲ့ ဒီအခွေမှာ Copy သီချင်း ၂ပုဒ် ပါလာပြီး Italy Rocker ကြီး Vasco Rossi ရဲ့သီချင်းတစ်ပုဒ်ကို ပထမဆုံး Cover ပြန်ဆိုတာပါ။

 

ဒီအခွေအကြောင်း ဘော်ဒါကြီး ကိုကွီး (Rfanquee) ရေးခဲ့ဖူးတဲ့အကြောင်းလေး ဖတ်ကြည့်လိုက်တာပိုမိုက်မယ်။

 


တစ္ဆေလမ်းတွေ လျှောက်ခဲ့တဲ့ည

(သို့)

ရင်ဘတ်ထဲက ရော့ခ်အင်န်ရိုးလ် ကိုအန်ထုတ်လိုက်ခြင်း

 

တိုက်ဆိုင်တာလား မပြောတတ်ဘူး

အဲ့ဒီညက . . .

မြေပေါ်မှာ ပက်လက်လှန် . . ခေါင်းနောက်မှာလက်နောက်ပစ်ပြီး ကြယ်မစုံတဲ့ ကောင်းကင်ကြီးကို အကြာကြီး မော့ကြည့်ခဲ့တယ်

အဲ့ဒီညက . . .

ဘယ်တုန်းကမှ မမူးဘူးလို့ ထင်ခဲ့တဲ့ အရောင်ရင့်ရင့် အချိုရည်တွေဟာ ငါ့ကို ယစ်မူးသွားစေတယ်

အဲ့ဒီညက . . .

ဘယ်တုန်းကမှ မထင်ထားခဲ့တဲ့ Rock n' Roll တေးသွားတွေက ငါ့ရင်ကို တော်တော် မိန်းမူးသွားစေတယ်

အဲ့ဒီညပေါ့ . . အဲ့ဒီည . .

အဲ့ဒီည မှာ ငါဟာ တစ္ဆေလမ်းတွေ လျှောက်ခဲ့ဖူးတယ် . . ။

============================================

ပေါ့ပါးနေတဲ့ ခြေလှမ်းတစ်ခုကို စတင်လိုက်တဲ့အချိန်မှာ . . .

Riff ခပ်ကြမ်းကြမ်း Rock n' Roll တေးသွားတစ်ပုဒ်ဟာ ငါ့ဝိဉာဉ်ကို ရှေ့ဆက်သွားအောင် စက်နှိုးပေးလိုက်တယ်

ခံယူချက်အပြည့်နဲ့ စာသားတွေက ရှေ့ဆက်မယ့် ငါ့ခြေလှမ်းတွေအတွက် အားသစ်ပေးလိုက်တယ်

ညမီးတိုင်တွေ အလင်းနဲ့ ငါ ဟာ တစ္ဆေလမ်းတွေကို စတင်လျှောက်လှမ်းခဲ့ပြီ . . ။

ကြုံပါစေလမ်းများက အဆိုးအကောင်းရွေးလို့လည်းမရ . . ကြိုနေတယ်လမ်းများရယ် အဝေးဆုံးသာ ခွင့်ပေးဦး . .

သမရိုးကျထက်မပိုတဲ့ Rock n' Roll Beat တွေဟာ နားစည်ကို တဒိုင်းဒိုင်းနဲ့ တုန်ခါစေပြီး ခန္ဓာထဲက သွေးတွေကြွလာအောင်လုပ်နေခဲ့ပြီ

လှည့်ပတ်နေတဲ့ သွေးကြောထဲမှာ Rock n' Roll ဆိုတာတွေဟာ ပျော်ဝင်စီးဆင်းနေတယ်

ငါ့နှလုံးသားဟာ Rock n' Roll ဂီတရဲ့ လှုပ်နိုးမှု ပြုစားမှုကို ပက်ပက်စက်စက်ကြီးကို ခံစားနေရပြီ

ငါမရူးဘူး . . ငါမမူးဘူး . . ရိုးရိုးလေးပါပဲ . . . . ယုံကြည်ချက်များပြောင်းလဲမသွားပါ ဒီဂီတများ သွေးထဲဖက်တွယ် အား . . . . .

အဲ့ဒီညက . . .

မာယာမပါတဲ့ ဂီတတစ်ခုရဲ့ ရိုးသားစွာဖန်တီးထားမှုကို လှစ်ကနဲမြင်လိုက်ရတယ် . .

Rock n' Roll လှိုင်းလုံးကြီးတွေ ရဲ့ အလူးအလဲရိုက်ခတ်မှုကြောင့် ခံစားနေရတဲ့ နှလုံးခုန်တဲ့အသံကို ပြန်ကြားနေခဲ့ရတယ်

ခံစားမှုတွေဟာ တဖြည်းဖြည်းနစ်နေတဲ့ သင်္ဘောကြီးလိုပဲ . . အိပဲ့အိပဲ့နဲ့ ပြိုယိုင်ပြီး တစ်စထက်တစ်စနစ်ခဲ့တယ်

နှလုံးသားဟာလည်း ယခုထက်ပိုမခံစားနိုင်တော့လောက်အောင် တိုက်တန်းနစ် အိပ်စက်နေတဲ့ အတ္တလန္တိတ်သမုဒ္ဒရာကြီးလိုပဲ အေးခဲနေပြီ . .

ရေး တမာရနံ့သင်းနေတဲ့ အညာလမ်းဘေးတစ်လျှောက်

ညမွှေးပန်းရနံ့သင်းနေတဲ့ အဝေးပြေးလမ်းမကြီးဘေးမှ ငါဟာ လျှောက်နေပေမယ့် . . .

ကျုံးနံဘေးကလမ်းလေးထက် ဘာကိုမှမမြင်တော့အောင် Rock n' Roll ဂီတရဲ့ဖုံးကွယ်ထားခြင်းခံလိုက်ရပြီ ။ ။

ဒုန် ဒုန် ဒုန် . . နဲ့ အချစ်တိုက်ပွဲမှာ ရှုံးနိမ့်လာတဲ့ Viking သူရဲကောင်းတစ်ယောက် ပင်လယ်ပြင်ကြီးဖြတ်သန်းလာသလို လေညင်းထဲ ခံစားလာရတယ် . .

အချစ်ရှုံးသမားတစ်ယောက်ထက် ကိုယ့်ကိုယ်ကို Voyager တစ်ယောက်လို မြင်လာခဲ့တယ် . .

တစ်ထောင့်တစ်ည ပုံပြင်တွေထဲက အာရေဘီးယားညတစ်ခုကို ဖြတ်သန်းနေတဲ့ ခရီးသည်တစ်ယောက်လို ခံစားလာခဲ့ရတယ် . .

. . .

ဒီတစ်ညပါထည့်ပေါင်းလိုက်တော့ ငါ့အတွက်မဆုံးနိုင်တဲ့ တစ်ထောင့်နှစ်ညပုံပြင် ဖြစ်သွားခဲ့ပြီ . .

ကျွန်တော့်မှာ စည်းကမ်းမရှိ ကျွန်တော့်မှာ နည်းလမ်းမရှိ . . ကျွန်တော့်မှာ တစ်ပြားမှမရှိ . . အမှားအမှန်လုံးဝမရှိ . . ဘဝဟာ ကန့်သတ်ချက်မရှိ . .

မရှိခြင်းဆိုတဲ့ စိတ်ထဲက စကားလုံးကို နားထဲမှာ ကြားပြီး နှလုံးသားမှာ ဒြပ်တစ်ခုလို ဖြစ်တည်ခံစားနေချိန်မှာတော့

ပေါ့ပေါ့လေးလို့ ထင်နေတာ အတော် လေးလံတဲ့အရာပဲလို့ သိလိုက်ရပြီ

. . .

သက်ပြင်းတစ်ခုကို မသိစိတ်ထဲက ယောင်တောင်ပေါင်တောင်နဲ့ ချလိုက်ခဲ့မိတယ် . .

ချက်ပလက်တစ်စီးတော့ ငါမတတ်နိုင်ဘူး . . ချက်ပလက်တစ်စီးတော့ ငါမတတ်နိုင်ဘူး . .

ငါ့ဘေးက အဝါရောင် တောက်နေတဲ့ လန်ဘော်ဂီးနီး လေးတစ်စီး ဝူးကနဲဖြတ်မောင်းသွားတယ် . .

လှောင်ပြောင်နေတဲ့ အနီရောင်မီးလုံးတွေကို မြင်ကွင်းကနေ ပျောက်ကွယ်သွားသည်အထိ ခံစားချက်မဲ့စွာနဲ့ မျက်စိတစ်ဆုံးအထိ ငါဟာကြည့်နေမိတယ်

အနားမှာ ရပ်ထားတဲ့ ကားစုတ်ကလေး တစ်စီးကပြောင်ပြနေတယ် . . နှလုံးသားလေး ဝမ်းနည်းသွားတယ် . .

မီးစိမ်းသွားခဲ့ပြီ . . တိုက်နံရံက ဂေါ်ဇီလာလောက်ရှိတဲ့ စင်ဒီခရော့ခ်ဖို့ဒ်က ငါ့ကို မြှူဆွယ်သလိုလို ကြည့်ကြည့်နေတယ်

ဆောရီးပဲ စင်ဒီ၊ လောလောဆယ် ငါစိတ်မဝင်စားအားပါ . . ဒီလိုပဲ ရှက်ရှက်နဲ့ လမ်းဖြတ်ကူးခဲ့ရတယ် . .

တေးသွားတွေထဲက ဝမ်းနည်းမှု ဒေါသထွက်မှုတွေဟာ အတူ ဝိဉာဉ်ထဲကို စိမ့်ဝင်လာတယ်။

ဝါကျင့်ကျင့် ညမီးရောင်တွေရယ် ငါရယ် . . . . . . . . ငါရယ် . . ဝါကျင့်ကျင့် ညမီးရောင်တွေရယ် . .

အနားမှာတော့ ဘယ်တစ္ဆေမှ မတွေ့ . . နှလုံးသားထဲမှာတော့ မီးတွေပျက်နေတယ် . . ငါဟာ လမ်းတွေပေါ် တစ်ယောက်ထဲပဲ . .

ငါကိုယ်တိုင်ဟာ တစ္ဆေတစ်ကောင်ဖြစ်မှန်းမသိခဲ့ဘူး . .

မင်းနဲ့ကင်းတဲ့ လမ်းမ . . အလွမ်းတွေခင်းတဲ့ လမ်းမ . . အထီးကျန်မြို့ အထီးကျန်မြို့ . .

ဆွေးမြေ့စွာနဲ့ ကြားနေရတဲ့ သံစဉ်တွေနောက်

ငါ ဟာ ပေါက်ကွဲစွာနဲ့ အော်ဟစ်လိုက်ရမလား ဒါမှမဟုတ် ငါဟာ ဝမ်းနည်းစွာနဲ့ တိုးတိုးလေး လိုက်ညည်းလိုက်ရမလား မဝေခွဲနိုင်ခဲ့

ငါကိုယ်တိုင် ငိုချင်သွားခဲ့တယ် . .

ဒီမြို့ထဲမှာ တကယ်ကို ဝမ်းနည်းသွားခဲ့ရတယ် . . ဒီသီချင်းဟာ တဒင်္ဂအချိန်ထဲမှာ အဓိပ္ပါယ်ရှိသွားခဲ့တယ် . .

သံစဉ်တွေ ငိုညဉ်းခဲ့ပြီ . .

တစ်မိုးလုံးခြောက်နေပါလား . . အူး . . မဖြစ်နိုင်ဘူး . . ဆွဲထားမိပြီ မင်းလေးရဲ့လက်တွေ ရက်စက်တဲ့ညတွေ အင်အားပေး . .

သိပ်ကို ရိုးစင်းပြီး ဆွဲအားကောင်းတဲ့ သံစဉ်တစ်ခုနောက်ကို ကောက်ကောက်ပါအောင် နှလုံးသားက ပါသွားခဲ့ပြီ

ငါမခံနိုင်တော့

အိမ်ပြန်ချင်ပြီ . . ငါ့နှလုံးသားက အိမ်ကို အရမ်းပြန်ချင်ပြီ . .

ဒီအချိန်ဆို အကျင့်ပါနေတဲ့ ငါ့ရဲ့လက်တွေက သူ့ကို ထိတွေ့ချင်နေပြီ . . ကလစ် ကလစ် နဲ့ မြည်အောင်နှိပ်ချင်နေပြီ . .

ကားဂိတ်တစ်ခုမှာ ငါလို့ ပညတ်ထားတဲ့ ဝိဉာဉ်တစ်ခုနဲ့ သူ့အရိပ်ရှိတယ် ။

မီးမသေသေးတဲ့ စီးကရက်မီးခိုးငွေ့ တွေအနားမှာ ကပြနေကြလေရဲ့။

နှလုံးသားဟာ အကြောင်းပြချက်မရှိပဲ ဝမ်းနည်းနေတယ် . . ငိုဆွေးနေတယ် . . မသိစိတ်မှာ နောင်တတစ်ခုကိန်းဝပ်နေတယ် . .

နောက်ဆုံးတော့ ဘတ်(စ)တစ်စီးထဲက မှိန်ဖျော့ဖျော့ မီးရောင်အောက် လေအေးအေးတွေ ရဲ့ ချော့သိပ်မှုမှာ နှလုံးသား ခွေလျော့ မာန်ပျော့ခဲ့တယ်။

အေးခဲသွားတဲ့ ချွေးပေါက်တွေနဲ့ အတူ နှလုံးသားတစ်ခုဟာ တိကနဲငြိမ်သက်သွားခဲ့ပြီ။

===============

အဲ့ဒီညပေါ့

တအိအိမောင်းသွားတဲ့ ကားကြီးတစ်စီးပေါ်မှာ

Rock n' Roll တေးသွားတွေနောက် ယစ်မူးသွားခဲ့ပြီး ဘာကိုမှ မသိတော့ပဲ . . အမှောင်ကမ္ဘာထဲကိုရောက်သွားခဲ့ပြီ . . ။

ငါဟာ အိပ်မက်ထဲမှာ Rock n' Roll နတ်သမီးတွေနဲ့ ကခုန်ပြီး ခုန်ပေါက်နေခဲ့ကောင်းပါရဲ့

. . .

. . .

. . .

. . .

. . .

. . .

. . .

. . .

. . .

. . .

. . .

. . .

. . .

. . .

ကျွီကနဲ . .

ကား ဘရိတ်က တုံ့ကနဲ အုပ်သည်၊ ငါ ဆိုတဲ့ ဒီကောင်ကြီး Rock n' Roll အိပ်မက်ထဲမှ ဆတ်ကနဲနိုးလာသည်။

နိုးနိုးချင်း . .

ခေါင်းထဲမှာ အဲ့ဒီ Rock n' Roll ဆိုတာကြီးက ငယ်ထိပ်အထိတက်ကိုက်တယ်

ရင်ထဲက Rock n' Roll ဆိုတာကြီးက ခုန်ပေါက်ဖို့ တိုးထွက်ပြီး ရင်ဝကိုဆောင့်တက်လာသလိုခံစားလိုက်ရတယ်

မနက် ၃ နာရီခွဲပြီ၊

ငါ . . .

ရှုတ်ရှက်ခတ်နေတဲ့ အတွေးတွေ တဆစ်ဆစ် ကိုက်ခဲနေသည်

ဦးဏှောက်ကို Microwave Oven ထဲ ထည့်ပြီး လှည့်ထားသလို ချာချာလည်နေသည်

လေချဉ်တက်လိုက်ရင် ချဉ်စုတ်စုတ် Rock n' Roll နံ့လေးကို ထွက်လာတယ်လို့ ခံစားလိုက်ရသည်

နားထဲမှာတော့ ကြားနေသား . .

သို့ပေမယ့် ငါခံစားနိုင်စွမ်းမရှိတော့ပါ . .

ရင်ခုန်ဖို့ နှလုံးသားမရှိ . . လူနဲ့တူတာ ဘာဆို ဘာမှ မရှိ

မခံစားနိုင်တော့ပါ . .

တကယ်ကို ခံစားနိုင်တဲ့ စွမ်းအားမရှိတော့ပါ

လမ်းချိုးတွေမှာ ညဟာ စက္ကန့်တွေရပ်နေတယ်လို့ ခံစားလာရတယ်

ဘဝရဲ့ အကြာဆုံးသော အချိန်တွေထဲက နာရီတွေကို ဂွပ် ဂွပ် ဂွပ် ဂွပ် နဲ့ မာလကာသီးတစ်လုံးလို ကိုက်စားပစ်လိုက်ချင်တယ် . .

ဂွိထဲတက်လာတဲ့ လေထဲမှာ Rock n' Roll နံ့လေးကို အထပ်ထပ်ရလိုက်ပြန်တယ်

မခံစားနိုင်တော့ပါ . .

တကယ်ကို နောက်ထပ် ခံနိုင်တဲ့ စွမ်းအားမရှိတော့လို့ပါ

မကြာသေးခင်က နှလုံးသားကို ချော့သိပ်ခဲ့တဲ့ လေအေးအေးတွေဟာ

အခုတော့လည်း တဖြည်းဖြည်းချင်း ဦးဏှောက်ကို ရေခဲရိုက်လို့ . . အသိစိတ်တွေကို တစိမ့်စိမ့်နဲ့ အေးခဲစေခဲ့ပြီ

ဒီအချိန်မှာ ဘာကိုမှ မခံစားနိုင်တော့လောက်အောင် နတ်ဆိုးတစ်ကောင်က နှောင့်ယှက်နေခဲ့ပြီ

နောက်ဆုံးတော့ . . (တကယ်ပါ)

မခံနိုင်တဲ့အဆုံး ငါ့ရင်ဘတ်ထဲက Rock n' Roll ဆိုတာတွေ တစ်စက်မှမကျန်အောင် မျက်မှောင်ကိုကျုံ့ ဝေါ့ကနဲ ဝေါ့ကနဲကို အန်ထုတ်ပစ်လိုက်တယ် . . ။

အော် . . Rock n' Roll ဆိုတာ ဖြူဖတ်ဖြူရော် ချဉ်စုတ်စုတ်တွေလို့ ထင်ခဲ့တာ . .

လက်စသတ်တော့ ညိုညစ်ညစ်နဲ့ ငံကျိကျိလေးပဲ . . ။

ကားပေါ်မှလည်း ဆင်းခဲ့ပြီ . .

ခံစားချက်တွေ အကုန်ပါသွားခဲ့ပြီ . .

ခံစားချက်အံဖတ်တွေ အဝေးကို မောင်းထွက်သွားတဲ့ Night Rider ကြီးထဲမှာ ပါသွားခဲ့ပြီ . .

Rock n' Roll ဆိုတဲ့ အရာကြီးလည်း အဝေးဆုံးကို ရောက်သွားပြီ . .

Rock n' Roll ကင်းတဲ့ ဝိဉာဉ်ဟာပေါ့ပါးလို့ . .

နောက်ဆံ ညလေညင်းကို အားပါးတရ ရှူရှိုက်လိုက်ရင်း ပေါ့ပါး

နေတဲ့ ခြေလှမ်းတစ်ခုကို စလှမ်းလိုက်တယ် ။

ပထမဆုံးဝင်လာတဲ့ အသိ . .

" အော် မနက်ဖြန်တွေ ရှိသေးတယ် . . "

( မှတ်ချက် ။။ ဘီယာမသောက်ပဲ မူးသွားတဲ့ Rock n' Roll ငကြောင်တစ်ကောင်ရဲ့အကြောင်း တကယ့် ဖြစ်ရပ်မှန်ကို လူနားမလည်အောင် ရေးထားပါသည်။

#Rfanquee

#တစ္ဆေလမ်း

#Emperor

#ZawWinHtut

 

 

နောက် ကိုယ့်နိုင်ငံ ခဏပြန်လာချိန် ကိုယ့်ဟီးရိုးကြီးအခွေထွက်မယ်၊ လက်မှတ်ထိုးပေးမယ်ဆိုတော့ ကိုယ့်လို ကိုညီထွဋ် ကိုအရမ်း ခရေဇီဖြစ်တဲ့ ဘော်ဒါကိုခေါ် ကားငှားပြီး ဆူးလေးဘုရားနားက ရတနာမြိုင်တေးသံသွင်းကိုချီတက်... ဟိုရောက်တော့ အခွေကြော်ငြာဘုတ်

ထောင်ထားတုန်းပဲရှိသေး ဆိုင်ကမဖွင့်သေး ... အဲဒါနဲ့ ရဲစခန်းနားက လဘ္ဘက်ရည်ဆိုင်မှာခဏထိုင်စောင့်နေတာပေါ့။

တော်တော်ကြာကြာစောင့်နေတုန်း ထူးထူးခြားခြား ကားနက်ကြီး တစီးဝင်လာရော... ချက်ချင်းဆိုသလို ရှင်းလင်းနေတဲ့ ရတနာမြိုင်တေးသံသွင်းပတ်ဝန်းကျင်မှာ လူတွေအုံလာရော... (ဘယ်လိုများပုန်းနေကြလဲမသိ) ... အဲဒါနဲ့ကိုယ်လဲ အသည်းအသန်ထ လက်ထဲကကင်မရာနဲ့ အမြန်လိုက်ရိုက်တာ သေချာတောင်မရိုက်နိုင် ... ဆိုင်ထဲလူပြည့်သွားရော.....

အဲဒါနဲ့ တန်းစီရမယ်ပေါ့....ကိုယ်ထင်တာလေ Description: 😁

ဘယ်သူမှလဲတန်းမစီကြပါဘူး တိုးဝှေ့လုဝယ်ပြီး ကိုညီထွဋ် လက်မှတ်ထိုးဖို့ တိုးနေကြတာပဲ။

အဲဒါနဲ့ ကိုယ်နဲ့ဘော်ဒါလဲ မြန်မာပြည်သားပီပီ ဝင်တိုးတာပေါ့။

လက်မှတ်ထိုးဖို့ ကိုညီထွဋ် ဘေးရောက်တော့ ဘော်ဒါနဲ့တယောက်တလှည့် ဓာတ်ပုံရိုက်တော့ လူတွေကြားတိုးထားလို့ချွေးနံလူနံ နံမှာစိုးလို့ ခပ်ခွာခွာ ဓာတ်ပုံရိုက်တာ ကိုညီထွဋ် နဲ့ပါလာတဲ့ တယောက်က အော်ပါလေရော... (ပုံရိုက်တာ ဘေးကပ်ရိုက် မြန်မြန်ရိုက်ဆိုပြီး) Description: 😁

ဒီအချိန် မှာ တော့လက်မှတ်ထိုး ဓာတ်ပုံတွဲရိုက်ဖို့ စောင့်ပြီလေ Description: 😄

နောက်ဆုံးတော့ အခွေ လက်မှတ် ပိုစတာ ၂စုံဆီဝယ်ပြီး အိမ်ပြန်.... အိမ်ရောက်တော့ အခွေမထွက်ခင် Single release ထွက်ထားတဲ့သီချင်းကို အရင်ဖွင့်နားထောင်ဖြစ်တယ်။

တေးရေး အသစ် ဒိုနေ ရဲ့ လက်တင်ကော်ပီ သီချင်းတွေကို

ဒီ မိုးတွင်းမှာ ပျင်းလို့လုပ်ထားတဲ့ မိုးထဲအခွေက အခွေမထွက်ခင် အွန်လိုင်းမှာ release ထွက်တဲ့ single သီချင်းကဘာသီချင်းလဲဆိုတော့ အထီးကျန်ချိန် သီချင်းပါ။ ကိုညီထွဋ် ထွက်ခဲ့သမျှ အခွေတွေမှာ ပထမဆုံး Single တပုဒ်အနေနဲ့ ကိုညီထွဋ် သမီး ချံချံက အွန်လိုင်းပေါ်တင်ခဲ့တာပါ။

အဲဒီနောက် အတွဲအခွေတွေ အနည်းငယ်ရယ် နဲ့ ပျောက်ချက်သားကောင်းနေခဲ့ပါတယ်။

2011 မှာ 2010 9Night မှာလုပ်တဲ့ Acoustic ပွဲလေးကို 9Night နာမည်နဲ့ CD DVD ထုတ်ခဲ့ပါတယ်။ DVD ထဲမှာ သီချင်းတိုက်နေပုံတွေ Emperor အဖွဲ့သားတွေ ပေါ့ပေါ့ပါးပါးနဲ့ ဆိုကြစကားပြောကျတဲ့ အခန်းလေးတွေထည့်ပေးထားတဲ့ အိုင်ဒီယာလေးတွေက အရင်တုန်းက VCD အခွေတွေမှာပါတဲ့ အင်တာဗျူးတွေ ပုံစံနဲ့ လုံးဝကွဲထွက်ပြီး အဆင့်မှီလာတယ်လို့ ခံစားရတယ်။

တေးရေး စိုင်းခမ်းလိတ် အမှတ်တရ လုပ်တဲ့ သီချင်းတွေပွင့်တဲ့ချယ်ရီမြေ အခွေမှာ

စိုင်းထီးဆိုင် ရဲ့ ခြင်္သေ့လည်ပြန် ကို ပြန်ဆိုတဲ့ Arrangement နဲ့ Mood က တမျိုးဆန်းသစ်သွားတယ်လို့ ခံစားရတယ်။

2013

တစ်ကျော့ပြန် ဇော်ဝင်းထွဋ် လို့ တော်တော်များများက တင်စားကြတယ်။ ကိုယ့်အတွက်ကတော့ အမြဲတမ်း ဇော်ဝင်းထွဋ် ဟာ ဇော်ဝင်းထွဋ် ပါပဲ။

အရင်ပရိတ်သတ်တွေအပြင် နောက်ပိုင်းလူငယ်တွေ ပရိသတ်တွေနဲ့ ဖန်အသစ်တွေထပ်ရလာတဲ့ လူ အခွေ၊ အခွေကြော်ငြာတုန်းက အခွေနာမည်က လူတဲ့ ၊ ကိုယ်သိထားတာက လူသီချင်းတပုဒ် ဆိုခဲ့တယ်... အဲဒီသီချင်းပြန်ပါလာတာလားပေါ့။  

တေးရေး ကြည့်လိုက်တော့ တခွေလုံး တေးရေး ဆောင်းဦးလှိုင်...... အဲဒီမှာ ရောကုန်ရော…. အရင်လူက မင်းချစ်သူ နဲ့ ကော်ပီ လူ၊ အခုကျတော့ ကိုယ်ပိုင်သံစဉ်ဆောင်းဦးလှိုင်ရဲ့လူတဲ့။ စောင့်ပြီမျှော်ပြီပေါ့......

တကယ်လက်မှတ်ထိုးဖြန့်မယ့်နေ့က ကိုညီထွဋ် ရဲ့မွေးနေ့မတိုင်ခင်တရက်.... ကြော်ငြာထားတာက တိရိစ္ဆာန် ဥယျာဉ်ထဲက ကန်အနီးလို့ ကြော်ငြာထားတာ ..... ကိုယ်ကလဲ လူရှုပ်ရှုပ်ထဲ တိုးမဝယ်ချင်တာနဲ့ ကားငှားပြီး မြို့ထဲတေးသံသွင်းတွေဆီ ချီတက်တာပေါ့။ ဒါပေမယ့် ဘယ်ဆိုင်မှ အခွေတွေမရောက်သေးလို့ ကန်တော်ကြီးကိုပြန်ငှားပြီးပတ်တော့တာပေါ့။ တိရိစ္ဆာန် ဥယျဉ်ထဲဆိုတာ မေ့ပြီး အရင် မီးပုံပျံရှိတဲ့ကျွန်းတွေ တင့်ကားကုန်းကျွန်းတွေပတ်ရှာမိပြန်ရော။ ဘယ်လိုမှ မတွေ့ နောက်တခေါက်ထပ်ပတ်ရှာချိန် တိရိစ္ဆာန်ဥယျဉ်အရှေ့မှာရပ်ထားတဲ့ ကားအမည်းကြီးတွေ့မှ မှတ်မိတော့တယ်။

ဒီမှာပဲပေါ့.... အထဲကိုအသည်းအသန်ဝင် ရှာမယ်ပေါ့။ နောက်လဲတော်တော်နောက်ကျနေပြီလေ။

ဒါပေမယ့် လက်မှတ်ထိုးပွဲကပြီးနေပြီ... ကိုညီထွဋ် နဲ့ ကိုသန့်ဇော်ကိုတွေ့တော့... ကိုညီထွဋ် ကျနော် နောက်ကျနေလို့အခွေမရသေးဘူးဆိုတော့.... ချက်ချင်းပဲ ကိုသန့်ဇော်ကို ကားနောက်ခန်းထဲကနေထုတ်ပေးခိုင်းတယ်။ လက်မှတ်ထိုး ဓါတ်ပုံရိုက်ဖို့ စဉ်းစားမိပေမယ့် ကိုညီထွဋ် ပုံကပင်ပန်းနေတာနဲ့ ကိုယ်ကလဲအားနာတာနဲ့ အခွေ ပိုစတာလေးတွေယူပြီး အိမ်ပဲအမြန်ပြန်ခဲ့တော့ပေါ့။ ဘာလို့ဆို နားထောင်ချင်နေပြီလေ။ အခွေကတော့ ထူးထူးထွေထွေ ညွှန်းရလောက်အောင် မလိုတော့ပဲ လူတိုင်းနားထောင်ဖူးတာမို့ မရေးတော့ပါဘူး။ အခွေအရင်ထုတ်တဲ့ Version တွေမှာ လက်ဆောင်ပါတဲ့ ကိုညီထွဋ် ပုံ နဲ့ အရိုးခေါင်းပုံ Transform ရောင်ပြန်ကဒ်ပြားလေးက နောက်ပိုင်းထပ်ထုတ်တဲ့အခွေမှာ မပါတော့ပါဘူး။

အဲဒီနောက်ပိုင်း အွန်လိုင်းပေါ်မှာ Emperor Fan Club တွေ ကိုညီထွဋ် ရဲ့ လှုပ်ရှားမှု့ Activities တွေဟာ တော်တော်များလာ လူသိများလာပါတော့တယ်။

ထူးထူးခြားခြား လူ အခွေက ၂၀၁၃ မှာထုတ်ပြီး MTV ကျတော့ နောက်၃နှစ်အကြာ မှထုတ်ဖြစ်ပါတယ်။

2016 မှာ MMA ကနေရောင်းတဲ့ Online Single တပုဒ်ထွက်လာပါတယ်။

သီချင်းနာမည်က စိမ်းလန်းသောငြိမ်းချမ်းခြင်း ဖြစ်ပြီး တေးရေးက ဆောင်းဦးလှိုင်ပါ။

ဖုန်းအော်ပရေတာ MPT Sim နဲ့မှဝယ်လို့ရတဲ့ သီချင်းကို တမနက်လုံးထိုင်စောင့်ပြီး 11AM ဝန်းကျင်မှ အွန်လိုင်းပေါ်မှာစရောင်းခဲ့တာပါ။

နောက် FM Bagan ကထုတ်တဲ့ ဒဏ္ဏာရီအပါအဝင် ရုပ်ရှင်ဇာတ်ဝင်တေးများ အခွေမှာ ရုပ်ရှင်သရုပ်ဆောင်တွေကြီးပဲဆိုတဲ့အခွေမှာ ဒွေးရဲ့သီချင်း ဒုတိယအပုဒ်အနေနဲ့ မူပိုင်ရှင်မကြီးမမခိုင် သီချင်းကို Guest Singer အနေနဲ့ပြန်ဆိုခဲ့ပါတယ်။

2017 မှာတော့ တေးရေးမင်းချစ်သူ နဲ့ သူ့ရဲ့ ကိုယ်ပိုင်သံစဉ်သီချင်းတွေကို New Version အနေနဲ့ ပြန်တီးပြန်ဆိုပြီး ထုတ်တဲ့ ၂ ခွေတွဲ The Journey အခွေထွက်လာပါတယ်။ မှတ်မိသေးရဲ့လား ဆိုတဲ့ Copy တပုဒ်ကိုပြန်ထည့်ခဲ့ပေမယ့် မူရင်းသံစဉ်လုံးဝမဟုတ်တော့ပဲ သံစဉ်ပြောင်းပြီး ဆိုသွားခဲ့ပါတယ်။ ဒီသီချင်းကို တော်တော်များများ အငြင်းပွားခဲ့ကျပေမယ့် ကိုယ့်အမြင်မှာ Bon Jovi က သူ့သီချင်းဟောင်းတွေကို တခွေလုံး ပြန်ဆိုပြီး နောက်ထပ်သံစဉ်တမျိုးနဲ့ ဆိုပြသွားတဲ့ This Left Feel Right ပုံစံလိုမျိုး မြင်ခဲ့တာပါပဲ။

ဒီ The Journey အခွေဟာ ကိုညီထွဋ် ပရိတ်သတ်တွေအတွက် ကျေနပ်မှု့အပေးနိုင်ဆုံး အခွေလို့ပြောလို့ရသလို ကိုညီထွဋ် နဲ့ Emperor ရဲ့ စိတ်ကြိုက် ပြန်လည်ဖန်တီးမှုဆိုလဲမမှားဘူး။

 

2019 မှာတော့ သင်္ကြန်နဲ့ပက်သက်ပြီး လူစုံ Album တစ်ချပ်ပြန်လုပ်လာပါတယ်။

ကာဗာဒီဇိုင်းကို ကိုညီထွဋ် ကိုယ်တိုင်ဆွဲပြီး ဇော်ဝင်းထွဋ် ရင်ဂို စည်သူလွင် Rဇာနည် လင်းလင်း ဝေလ တို့နဲ့ တစ်ယောက်တပုဒ် ရယ် Group song တပုဒ်ရယ်နဲ့ သီချင်း ၇ပုဒ် သင်္ကြန် Album ထွက်လာပေမယ့်........ စိတ်ထဲ သိပ်မရောက်ခဲ့ပါဘူး .....

ဒီသင်္ကြန် Album မတိုင်ခင်က Online ကနေထုတ်ခဲ့တဲ့ ၁၃၇၉ ခု နှစ်သစ်လက်ဆောင် ဆိုပြီး ငြိမ်းချမ်းရေးပိတောက် သီချင်းရယ် နှစ်ကူးအချစ်သီချင်း ၂ပုဒ်ကို Remastered version အနေနဲ့ ထုတ်ခဲ့ပါသေးတယ်။

ဒီကြားထဲ Online Streaming အနေနဲ့ ကျောင်းတက်ချင်တယ် ဆိုတဲ့ Single တပုဒ် တေးသံသာကနေ ဖြန့်ခဲ့ပါတယ်။

ပြီးနောက် သူ့ရဲ့ Mini Album တချပ်ထပ်ထွက်လာပါတယ်။

အဆုံးမရှိများ ၊ တေးရေးက ဆောင်းဦးလှိုင်။

ကျနော့် ပါဆင်နယ်အမြင်မှာတော့ အားမရဆုံး ကိုညီထွဋ် အခွေဆို ဒီအခွေကို ပြောဖြစ်မယ်ဗျ။ အဲဒီ အချိန်က ဘော်ဒါတယောက် စကားငှားပြောရရင် မော်ရင်ဟို ကို မကြိုက်ပေမယ့် မန်ချက်စတာယူနိုက်တက်ကို ချစ်ဆဲအားပေးရမှာပဲဆိုသလိုပေါ့။ Description: 😁

ပြီးတော့ Radio Bar ဆိုင်ဖွင့်ပွဲလုပ်တုန်းက Bar မှာဖျော်ဖြေရေး ရယ် ရိုက်ကူးရေးရယ်တပြိုင်တည်းလုပ်ပြီး အခွေအနေနဲ့ Live From Radio အခွေကို CD+DVD ထုတ်ခဲ့ပါတယ်။

 ပွဲတွေမှာ ဆိုခဲတဲ့ ပျက်သုန်းခြင်းသီချင်းကို ဆိုပြသွားပြီး ရပ်ကြည့်သွား ၊ အထီးကျန်မြို့ ၊ မိုင်တိုင်များ အပါအဝင် ၉ပုဒ်ပဲ အခွေထဲ ပြန်ထည့်ခဲ့ပါတယ်။

2019 နောက်ဆုံးအနေနဲ့ တေးရေး သုခမိန်လှိုင်ရဲ့ လူငယ်လေးတစ်ယောက်အကြောင်း လူစုံပါဝင်တဲ့ Album မှာ တက်သစ်စ အဆိုတော်လေးများနဲ့အတူ လူငယ်လေးတစ်ယောက်အကြောင်းသီချင်း နဲ့ပါခဲ့ပါတယ်။

 တခွေလုံး Piano အသားပေးပြီး စန္ဒရားမျိုးနိုင် Arrangement နဲ့ Hi Bird Band ရဲ့တီးခတ်မှု့မှာ ကိုညီထွဋ် နဲ့ လူငယ်လေးတစ်ယောက်ဟာ ဘယ်လိုမှ အဆီအငေါ်မတည့်ပဲ ခံစားလို့မရခဲ့ပါဘူး။ (ဒါကတော့ ကိုယ့် ခံစားမှု သပ်သပ်ပါ။)

2020 ကမ္ဘာပေါ်မှာ ကပ်ဆိုး ရောဂါဆိုး ကျရောက်နေတဲ့နှစ်......

မြန်မာနိုင်ငံရဲ့အထင်ကရ သင်္ကြန်ပွဲတော်ကြီး ကပ်ရောဂါကြောင့် မကျင်းပနိုင်ပေမယ့် ကိုညီထွဋ် ရဲ့

2020 Rock 'N' Roll ဆိုတဲ့ သင်္ကြန်သီချင်းတစ်ပုဒ် ကို တေးသံသာကနေပဲ Online Streaming အနေနဲ့ဖြန့်ခဲ့ပါတယ်။

Radio Bar နောက်ထပ် ဆိုင်ခွဲတခုထပ်ဖွင့်ချိန် လုပ်သွားတဲ့ ၁၉၈၀ ဝန်းကျင်က သီချင်းတွေ အခုနောက်ပိုင်းလူတွေပြန်ကြားစေချင်လို့ ဆိုတဲ့ မာကျူရီည Live Album ဟာ 2020 မြန်မာနိုင်ငံမှာ Covic ပထမလှိုင်း ပြီးချိန် မှာ ထွက်ဖြစ်ခဲ့ပါတယ်။ ထုံးစံအတိုင်း CD + DVD နဲ့ထွက်လာပေမယ့် အရင်ထွက်နေကျ အခွေတုန်းကနဲ့မတူ စက္ကူဘူးနဲ့ စက္ကူကပ်အိပ်ပုံစံ ထုပ်ပိုးမှု့နဲ့ထွက်ရှိလာပါတယ်။ ပထမအသုတ် ရောင်းကုန်သွားပြီ ဒုတိယအကြိမ် ထပ်မံထုတ်ဝေတဲ့အချိန်ကျတော့ အရင်ပုံစံ Jewel Case Design ပြန်ဖြစ်လာပါတယ်။

၁၉၈၀ ခုနှစ်များဆီ ခဏသွားကြရအောင် ဆိုပြီး ကိုညီထွဋ် ဟာ သူ့ရဲ့ ၈၀ခု ၉၀ခု ဝန်းကျင်က သီချင်းတွေ အပုဒ်ပေါင်း ၁၅ပုဒ် ပါဝင်ခဲ့ပြီး အဲဒီသီချင်းတွေထဲက အချစ်တခွက်အရက်တခွက် ကို Version ပြောင်းဆိုတဲ့ပုံစံကို အကြိုက်ဆုံးပြောရင်လွန်မလားဗျာ။

ရောဂါကပ်ဆိုးတွေနဲ့ စိတ်ညစ်နေကြရတဲ့ လူတွေ သူ့ပရိတ်သတ်တွေအတွက် Never Give Up ဆိုတဲ့ သီချင်းအသစ်တစ်ပုဒ်ကို Online Streaming တေးသံသာကနေ ပဲထပ်ထုတ်ခဲ့ပါတယ်။


 

မာကျူရီည နဲ့စခဲ့ပြီး မာကျူရီည နဲ့ တင် သူ့ရဲ့ပရိတ်သတ်တွေက မတင်းတိမ်နိုင်သေးသလို သူ့ကိုယ်တိုင်ကလဲ ပရိတ်သတ်တွေကို ပေးချင်တာတွေ မကုန်မခမ်းရှိနေသေးတယ်ဆိုတာ ယုံကြည်ထားပြီးသားပါ။

နောက်ထပ် နောက်ထပ်တွေ မျှော်နေရင်း.....

PS: တချို့ Data များ ၊ နေရာဒေသ ၊ အချိန်ကာလများ မကိုက်ညီ အမှားအယွင်းများရှိခဲ့ရင် ကျွနုပ် တာဝန်သာဖြစ်ပါကြောင်း။

အမှန်ထောက်ပြပေးနိုင်ပါကြောင်း.....

 

#Axle

#IamZawWinHtutFan